အကျဉ်းသား လွှတ်ရေး ပြောဖို့ ဘန်ကီမွန်းကို တိုက်တွန်း

  • 27 ဧပြီ 2012
Ban Ki-Moon ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဘန်ကီမွန်းဟာ တနင်္ဂနွေ နေ့မှာ မြန်မာပြည်ကို ရောက်လာမှာပါ

ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်း မြန်မာ နိုင်ငံကို သွားတဲ့ အခါ၊ ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ် ရေး နဲ့ ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေ အဆုံး သတ်ရေး အပါအဝင် လူ့ အခွင့် အရေး ကိစ္စတွေ တိုးတက် လာအောင် ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို တိုက်တွန်း သင့်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Human Rights Watch နိုင်ငံ တကာ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒါ့အပြင် မြန်မာ ပြည်တွင်းမှာ ကုလ သမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာရုံး ဖွင့်ဖို့လည်း တောင်းဆို သင့်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေး ယူမှု တွေကို တဖြည်းဖြည်း နဲ့သာ ရုပ်သိမ်း သင့်တယ် လို့လည်း Human Rights Watch အဖွဲ့က ဆိုနေ ပါတယ်။

အဲဒီအဖွဲ့ရဲ့ အာရှ ဒေသ ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Eline Pierson ကို ဦးကိုကိုအောင်က ဆက်သွယ် မေးကြည့် ထားပါတယ်။

မေး။ အတွင်းရေး မှူးချုပ် ဘန်ကီမွန်း ကို မြန်မာ နိုင်ငံ လူ့ အခွင့် အရေး အခြေ အနေ တိုးတက်အောင် တိုက်တွန်း ပေးဖို့ ပြောတာတော့ ဟုတ်ပါပြီ၊ တကယ်တမ်း မှာ နိုင်ငံ တကာ အသိုင်း အဝန်း က မြန်မာ အစိုးရ နဲ့ ပြန်ပြီး ဆက်ဆံ ဖို့ဘဲ အားသန် နေကြတာ ဆိုတော့ ဘန်ကီမွန်း က ဘယ်လောက် လုပ်ပေး နိုင်မှာလဲ။

ဖြေ။ ကျွန်မ တို့အနေနဲ့ အခု မြန်မာ ပြည်နဲ့ ပတ်သက်လို့ အပြောင်း အလဲတွေ သိပ်မြန် နေတဲ့ အပေါ် နည်းနည်း စိုးရိမ်မှု ရှိပါတယ်။ အီးယူ ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံကို ပိတ်ဆို့ မှုတွေ ရုပ်သိမ်း ပေးတယ်။ ပြီးတော့ အမေရိကန် ကလည်း အလားတူ လျှော့ပေး တာတွေ ရှိတယ်၊ မြန်မာ အစိုးရနဲ့ အားလုံးက ဆက်ဆံချင် ကြတာကို တွေ့ရ ပါတယ်။ ကျွန်မတို့ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ အနေနဲ့ ကတော့ ဒီ ထိတွေ့ ဆက်ဆံမှု တွေဟာ ပြုပြင် ပြောင်းလဲရေး သမား တွေကို အားပေးမယ့် မှန်ကန်တဲ့ ပုံစံနဲ့ သွားတာကို မြင်ချင် ပါတယ်။ အခု အချိန် အထိ စစ်တပ်က အဓိက လွှမ်းမိုး ထားတဲ့ မြန်မာ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍမှာ ဝင်ပြီး ရင်းနှီး မြှုပ်နှံဖို့ ပိတ်ဆို့မှု တွေကို ချက်ချင်း အကုန် ရုပ်သိမ်း လိုက်မယ် ဆိုရင် လူ့ အခွင့်အရေးနဲ့ ပတ်သက် တဲ့ အပိုင်းမှာ အခြေအနေ ပိုဆိုး လာမှာကို ကျွန်မတို့ စိုးရိမ် ပါတယ်။ ဒီတော့ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံ ချင်တယ် ဆိုရင် လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိအောင် အရင် လုပ်ရမယ် ဆိုတာကို ဘန်ကီမွန်း အနေနဲ့ စဉ်းစား ထားသင့် ပါတယ်။ ဒါမှ တကယ်တမ်း လူ့အခွင့် အရေး အခြေ အနေကို တိုးတက်အောင် လုပ်နိုင် မှာပါ။

မေး။ ဒီပိတ်ဆို့ မှုတွေကို ဘယ်လို ရုပ်သိမ်း သင့်တယ် ဘယ်လောက် ရုပ်သိမ်း သင့်တယ် ဆိုတာက အရေးကြီး ပြီး ဆုံးဖြတ် ဖို့လည်း ခက်တဲ့ ကိစ္စ မဟုတ်လား။ ဒါကို ဘယ်လို လုပ်သင့် တယ်လို့ ထင်ပါလဲ။

ဖြေ။ ကျွန်မ အထင်တော့ ပိတ်ဆို့ မှုတွေကို တဖြည်းဖြည်း နဲ့သာ ရုပ်သိမ်း သင့်ပါတယ်။ အခု အချိန်မှာ ဖွံ့ဖြိုး တိုးတက်ရေး ကို အားပေးဖို့၊ လူထုကို အထောက် အကူ ဖြစ်စေမယ့် ပိတ်ဆို့မှု တွေကို ရုပ်သိမ်း သင့်ပါတယ်။ တချိန်ထဲ မှာဘဲ ရှေ့မှာ ဆက်လုပ် စရာ တွေက အများကြီး ကျန်နေ ပါသေးတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကိုဘဲ ကြည့်လိုက်မယ် ဆိုရင် အန်အယ်ဒီ က နိုင်ထားတာ လွှတ်တော် တခုလုံး ရဲ့ နေရာ ၆ ရာနှုန်း ၇ ရာနှုန်း လောက်ဘဲ ရှိပါတယ်။ ဒီတော့ အပြောင်း အလဲ ဖြစ်အောင် သူတို့ လုပ်နိုင် မယ့် အတိုင်းအတာ မှာ အကန့် အသတ် တွေ အများကြီး ရှိပါတယ်။ အခုဘဲ ဖွဲ့စည်းပုံ ကို ပြင်ဖို့တို့၊ ကျမ်း သစ္စာ ကျိန်ဖို့ တို့လို ကိစ္စ တွေမှာ အကန့် အသတ်တွေ ရှိနေ တာကို မြင်နိုင် ပါတယ်။ ဒီတော့ အရပ်သား အခွင့် အရေးနဲ့ ပတ်သက်ပြီး ချိုးဖောက် ခံနေ ရတဲ့ အပိုင်းတွေ အများကြီး ကို ပြုပြင် စရာတွေ ရှိနေ ပါတယ်။

မေး။ ဒါပေမယ့် အခု အချိန်မှာ ဘာဘဲ ပြောပြော နိုင်ငံ တကာ အသိုင်း အဝန်း အနေနဲ့ က မြန်မာနဲ့ ထိတွေ့ ဆက်ဆံ ဖို့ကို အဓိက ထားနေပြီး လူ့ အခွင့် အရေးနဲ့ ပတ်သက် လို့က အရင် ကလောက် ပြောတာ မကြားရ တော့ဘူး မို့လား။

ဖြေ။ မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး ကိစ္စဟာ တချို့ လူတွေ အတွက် နောက်တန်းကို နည်းနည်း ရောက် လာတဲ့ ပုံ တွေ့ရတဲ့ အပေါ်ကျွန်မတို့ စိုးရိမ် မိပါတယ်။ မကြာသေးခင် ကဘဲ ဘန်ကီမွန်း ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး အရာရှိ ဗီဂျေး နံဘီယား ရေးထား တဲ့ သုံးသပ်ချက် ဆောင်းပါး ကို နယူးယောက်တိုင်းမ် သတင်းစာ မှာ တွေ့ရ ပါတယ်။ အဲဒီမှာ ဘန်ကီ မွန်း ရဲ့ ခရီးစဉ် အတွင်း အဓိက အာရုံ စိုက်ပြီး ဆောင်ရွက် သင့်တဲ့ ကိစ္စလေးခုကို ဖော်ပြ ထားပေမယ့် နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်ဖို့ ကိုကျတော့ ဒီထဲမှာ ထည့်မထား ပါဘူး။ ဒီတော့ မြန်မာ အစိုးရနဲ့ အပြေးအလွှား သွားတွေ့ချင် နေကြတဲ့ သူတွေဟာ တကယ်တမ်း လိုအပ်တဲ့ တိုးတက် မှုကို ဘယ်လို ရပြီ ဆိုတဲ့ စံနှုန်းနဲ့ သတ်မှတ် လုပ်ဖို့ ကို မေ့နေ ကြတယ်လို့ ထင်ပါတယ်။ လူတွေ ကို ထောင်ထဲ ထည့်လို့ ရတဲ့ ဥပဒေ တွေဟာ အခု အချိန်အထိ ဆက်ပြီး ရှိနေ တုန်းပါ။ ဒါကြောင့် လွတ်လပ်စွာ ပြောဆိုခွင့် တို့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်း ခွင့်တို့ကို တကယ် မှန်မှန် ကန်ကန် ပေးပြီး လူတွေရဲ့ တကယ့် ပြဿနာ တွေကို လွတ်လွတ် လပ်လပ် တင်ပြခွင့် ရှိတဲ့ အခြေ အနေ ရောက်လာ အောင် လုပ်ဖို့ လိုနေ ပါတယ်။