ဖွဲ့စည်း ပုံ ခုံရုံးကို လွှတ်တော် မှာ အရေးယူဖို့ ကြိုးစားနေ

  • 27 ဧပြီ 2012

လွှတ်တော် နှစ်ရပ်က ဖွဲ့စည်း ထားတဲ့ ကော်မီတီ တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်း အုပ်ချုပ်ပုံ ခုံရုံးရဲ့ ဆုံးဖြတ် ချက်ဟာ လွှတ်တော် မှာ လုပ်ပိုင်ခွင့် လုံး ဝ မရှိဘူးလို့ သဘော သက်ရောက်တဲ့ အတွက် လွှတ်တော် အမတ်တွေ မကျေနပ် ဖြစ်နေကြ ပါတယ်။

Image caption ဖွဲ့စည်းပုံ ခုံရုံးက အစိုးရဘက် လိုက်တယ်လို့ အမတ် တွေ ပြော

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ ဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူး လို့ အစိုးရအဖွဲ့က ဖွဲ့စည်းအုပ်ချုပ်ပုံ ခုံရုံးကို တင်သွင်းပြီး ဆုံးဖြတ်ချက် ရယူခဲ့ ရာမှာ အစိုးရ ဘက်က တင်သွင်းတဲ့ အတိုင်း ခုံရုံးက ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ ခုံရုံး အနေနဲ့ သူ့ကို ပေးထားတဲ့ တာဝန် ပျက်ကွက် တာပဲလို့ ပြည်သူ့ လွှတ်တော် အမတ်တွေက ပြောဆိုပြီး ခုံရုံးကို စွပ်စွဲ ပြစ်တင်ဖို့ ပြင်ဆင် နေကြကြောင်း ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆောင်ရွက်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါဝင်တဲ့ ဝတ္တရား တွေကို မကျေပြွန် တာ ဖြစ်ပြီး အဲဒီ လို ဖြစ်တဲ့ အခါမှာ ဖွဲ့စည်းပုံ ခုံရုံး တစ်ဖွဲ့လုံးကို လွှတ်တော် အမတ်တွေက ဖယ်ရှား အရေး ယူနိုင်ခွင့် ရှိတယ် ဆိုတာ ဖွဲ့စည်းပုံထဲမှာ ပြဌာန်း ထားတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ထဲက အမတ် ၂၅ ရာခိုင်နှုန်းက လွှတ်တော်ကို တင်ပြ ဆွေးနွေးတာကို အမတ် သုံးပုံ နှစ်ပုံက ထောက်ခံမယ် ဆိုရင် အမျိုးသား လွှတ်တော်မှာ ဆက်လက် ဆွေးနွေးပြီး အရေးယူနိုင် တယ်လို့ လည်း ဦးရဲထွန်းက ပြောပါတယ်။

အခု အနေအထားဟာ လွှတ်တော်နဲ့ အစိုးရ အဖွဲ့ကြား အားပြိုင်မှု ဖြစ်တယ်၊ လောလောဆယ် မှာတော့ အဆိုတင်နိုင်မယ့် လွှတ်တော်အမတ် ဦးရေ ပြည့်အောင် စုဆောင်း နေတယ်လို့ သူက ပြောပါတယ်။