EU ရုံးခန်းသစ် ရန်ကုန်မြို့မှာ ဖွင့်လှစ်

  • 28 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption Catherine Ashtonဟာ NLD အဖွဲ့နဲ့ လည်း တွေ့ဆုံ ဆွေးနွေးခဲ့

မြန်မာနိုင်ငံကို စနေနေ့ မနက်က ရောက်လာတဲ့ EU ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဟာ EU ရုံးခန်းသစ်တခုကို ရန်ကုန်မြို့မှာ ကိုယ်တိုင် သွားရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာလို့ Catherine Ashton ကပြောပါတယ်။

Catherine Ashton ဟာ EU ရုံးခန်းသစ် ဖွင့်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Catherine Astonက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရာမှာ အချိန်ယူရတယ် ဆိုတာကို နားလည်ကြောင်း၊ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲမှုတွေဟာ အခြေခိုင်တဲ့ ပြုပြင် ပြောင်းလဲ မှုတွေ ဖြစ်ဖို့ လိုကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်တွေကို EU က ဆက်လက် စောင့်ကြည့်နေမှာ ဖြစ်ပြီး ရေရှည် အထောက်အပံ့တွေ ပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

အခုလ အစောပိုင်းတုန်းက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို EU က တနှစ် ရပ်ဆိုင်းပေးလိုက်ပေမယ့် မြန်မာနိုင်ငံမှာ နောက်ထပ် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုတွေ ရှိမှသာ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးမယ်လို့ ကြေညာထားပါတယ်။

Catherine Ashton ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။