မဲလဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

  • 28 ဧပြီ 2012
Image caption ကျောင်းသားနှစ်ယောက်ရဲ့ အခန်းကနေ ပေါက်ကွဲ သံ ကြားရပြီးနောက် မီးစွဲလောင်

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ ထဆောင်း ယန်မြို့မှာ တည်ရှိတဲ့ မဲလဒုက္ခသည်စခန်းက ခရစ်ယာန် ဘာသာရေး စာသင်ကျောင်းမှာ စနေနေ့မွန်းတည့်ချိန်လောက်က မီးလောင်မှု ဖြစ်ပွားလို့ ကျောင်းရဲ့အဆောင် အားလုံး မီးထဲ ပါသွားပါတယ်။

မဲလဒုက္ခသည်စခန်း ဇုန် စီ-ဝမ်းက၊ ကော်သူးလေ ကရင်နှစ်ခြင်း ခရစ်ယာန် ကျမ်းစာသင် ကောလိပ် ကျောင်းမှာ မီးလောင်တဲ့တာ ဖြစ်ပြီး၊ ကျောင်းမှာရှိတဲ့ ကွန်ပြူတာခန်းမ၊ စာကြည့်တိုက် အပါအဝင် ကျမ်းစာသင်ကျောင်း အဆောက်အဦးတခုလုံးနဲ့ ဘော်ဒါဆောင်၊ စားသောက်ဆောင်နဲ့ ရိက္ခာဂိုဒေါင်တွေပါမကျန် မီးလောင်ကျွမ်းသွားတယ်လို့ မဲလ ဒုက္ခသည်စခန်း တည်ရှိတဲ့ ထဆောင်းယန်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရှိုးကလိုးရွာကို ပြန်သွားတဲ့ ကျောင်းသားနှစ်ယောက်ရဲ့ အခန်းကနေ ပေါက်ကွဲသံ ကြားရပြီး နောက် အဲဒီနေရာကနေ ချက်ချင်းမီးစွဲလောင်သွားတာဖြစ်ကြောင်း၊ ထဆောင်းယန် မြို့အုပ်ချုပ်ရေးမှူး နိုင်ဆုမ်ချိုင်း ထရီထစ်ပ်ဒရပ်စကွန် ဘီဘီစီကို ပြောပါတယ်။

နွေရာသီ ကျောင်းပိတ်ချိန်ဖြစ်လို့ လူအထိအခိုက် မရှိပေမဲ့ ဆုံးရှုံးမှု တန်ဖိုးကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ဒီကျမ်းစာသင်ကျောင်းဟာ အရင်းတုန်းက ကရင်အမျိုးသားအစည်းအရုံး ကေအင်ယူ ထိန်းချုပ်ထားတဲ့ နယ်မြေမှာတည်ရှိပါတယ်။ အဲဒီမှာ အစိုးရနဲ့ ကေအင်ယူစစ်တပ်တွေ တိုက်ပွဲဖြစ်လို့ အခုရှိတဲ့ မဲလဒုက္ခစခန်းကို ရွှေ့ပြောင်းလာ တာ ၂၃ နှစ်ရှိပါပြီ။

လက်ရှိ ဒီကျောင်းမှာလာပြီး ခရစ်ယာန်ကျမ်းစာ သင်ယူနေတဲ့ ကျောင်းသားတွေ ၃၀၀ ကျော်လောက် ရှိပါ တယ်။ သူတို့ဟာ နယ်စပ်ဒုက္ခသည် စခန်းတွေနဲ့ မြန်မာနယ်စပ် အတွင်းဖက် ရွာတွေကနေ လာ တက်ကြတာပါ။

ဒီကျောင်းရဲ့ သင်ကြားမှု အထောက်အကူ ပစ္စည်းတွေကို ZOA လို့ခေါ်တဲ့ ပရဟိတ အဖွဲ့က တာဝန်ယူ ထောက်ပံ့ပေးပြီးတော့၊TBBC လို့ခေါ်တဲ့ အဖွဲ့က စားသောက်ရေး ကိစ္စတွေကို တာဝန်ယူပါတယ်။