ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ရောက်ရှိ

  • 29 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို NLD ဥက္ကဌ နဲ့လည်း တွေ့ဆုံမယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးဆောင်ရွက် နိုင်ရေး တွန်းအားပေးဖို့ အတွက် မြန်မာ နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မစ္စတာ ဘန်ဟာ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

သူဟာ နေပြည်တော်က လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ ရှိပြီး အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်ကို သွားပြီး ဘိန်းစိုက် တောင်သူတွေ အခြား အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ အစားထိုး လုပ်ကိုင်နိုင်မယ့် အစီအစဉ်ကိုလည်း သွားပြီး ကြည့်ရှုဖို့ ရှိပါတယ်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး၊ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြင်ပ ကမ္ဘာနဲ့ ဆက်ဆံမှုတွေ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခဲ့အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန် ဟာလည်း အခုမြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မနေ့က အီးယူ ရုံးသစ်တခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ ပါတယ်။