မူဆယ်မှာ ဗုံးကွဲ၊ မိုးညှင်းမှာ မိုင်းကွဲ

Image caption ၁ လ အတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့

မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဧပြီလ ၂၈ ရက်နေ့ စနေနေ့ည ၉ နာရီခွဲ ကျော်လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့သူ ကတော့ ဗုံးဖောက်ခွဲဖို့ ကြိုးစားသူကိုယ်တိုင် ဖြစ်တယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။ အဲဒီသူဟာ လုံခြုံရေးလှည့်နေတဲ့ ရဲကားနောက်ကို ဆိုင်ကယ်တစီးနဲ့လိုက်ပြီး ဗုံးနဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။

အဲဒီလို နောက်ကနေ ကပ်ရပ်လိုက်ပြီး ဗုံးနဲ့ ပစ်ပေါက်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဗုံးက လွင့်မသွားပဲ သူ့ဆီမှာပဲ ပြန်ပေါက်ကွဲသွားတာလို့ မျက်မြင်သက်သေ တဦးက ပြောပြပါတယ်။ အဲဒီ ဖောက်ခွဲသူကိုယ်မှာ M20 ပစ်စတို တစ်လက်ကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့တုန်း ကလဲ မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်မှာ အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦး သေဆုံးသွားခဲ့ပါတယ်။

မူဆယ်မြို့မှာ မတ်လကုန်ကစပြီး အခုအချိန်ထိ ၁ လ အတွင်း အခုလိုမျိုးဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမှာ မိုင်းကွဲ

ဧပြီလ ၂၉ရက် မနက် ၁နာရီ ကျော်လောက်က မိုးညင်းမြို့နယ် မော်ဟန်ဘူတာအလွန် စင့်ကြည်ရွာနားမှာ မန္တလေး မြစ်ကြီးနား အဆန်ရထားဟာ မိုင်းမိပြီး တွဲချော်သွားတာ ကြောင့် သံဃာ ၂ပါးနဲ့ လူတဦး ဒဏ်ရာရရှိ သွားပါတယ်။

ဒီအဆန်ရထား အမှတ် ၃၃ ဟာ မိုးညှင်းမြို့ကို မရောက်ခင် ၁၆ မိုင်လောက် ဝေးတဲ့ စင့်ကြည်ရွာနား အရောက်မှာ မိုင်းထိလို့ အိပ်စင်တွဲ ၈တွဲ လမ်းချော်ကျသွားတာ ဖြစ်ပါတယ်။

ဒီအတွက် အတွက် သံဃာ ၂ပါးနဲ့ လူတယောက် ဒဏ်ရာ ပြင်းထန်တာမို့ သူတို့ကို မိုးညှင်း ဆေးရုံမှာ တင်ထားရပါတယ်။

လတ်တလော အခြေအနေမှာတော့ မိုးညှင်းက ရထားတွဲမတဲ့ ကရိန်းတွေသွားသလို မြစ်ကြီးနားဘက်ကနေ ရထားတစင်း အမြန်လွှတ်ပြီး ခရီးသည်တွေကို သွားခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စကို ဘယ်သူလုပ်တယ်ဆိုတဲ့ အဓိက လက်သည်ကိုတော့ တာဝန်ရှိသူတွေဘက်က စုံစမ်းဆဲလို့ ပြောပါတယ်။ မိုးညှင်းဘူတာနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ် ကြည့်တော့လည်း အသေးစိတ် စုံစမ်းဆဲ ဖြစ်တယ်လို့ဘဲ ဖြေကြားပါတယ်။