ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

  • 29 ဧပြီ 2012
ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းဆောင် ရထားဝန်ကြီးဉီးအောင်မင်း
Image caption ပြည်ထောင်စု မီးရထားဝန်ကြီး ဉီးအောင်မင်း

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့နှစ်ခုကိုပူးပေါင်းပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတဖွဲ့ထဲပြန်ပြင်ဆင်ဖွဲ့စည်းမယ်လို့ ပြည်ထောင်စု မီးရထားဝန်ကြီး ဉီးအောင်မင်းက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာနက ပြုလုပ်တဲ့သတင်း စာရှင်းပွဲမှာ သတင်းထောက်တွေက ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ပြန်ပြင်မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အခုလို ဖြေကြားတာ ဖြစ်ပါတယ်။

ဒီလိုပြန်ဖွဲ့ရင် အဆင့်မြင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒုတိယသမ္မတက ခေါင်းဆောင်နိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တပ်မတော်အရာရှိကြီးများ တိုင်းရင်းသား ရေးရာ ကော်မီတီမှလွှတ်တော်အမတ်များနဲ့ အင်အားဖြည့်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေး ကမ်းလှမ်းမှုမှာ တိုင်းရင်းသား၁၀ဖွဲ့နဲ့ပဏာမ အဆင့်သဘောတူညီမှုတွေ ရထားပေမယ့် ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့တော့ အခုအချိန်ထိ အပစ်မရပ်သေးဘဲ တိုက်ပွဲတွေဆက် ဖြစ်ပွားနေပါတယ်။

အခုလိုပြန်ပြင်ဆင်ဖွဲ့စည်းမယ့်ကိစ္စဟာ ကေအိုင်အေနဲ့အဓိက ပတ်သက်နေသလားလို့ သတင်းစာရှင်းပွဲကိုတက်ရောက်တဲ့ ကိုကို စက်မှုကိုမေးရာမှာ သူ့အနေနဲ့ အဲဒီလိုမယူဆဘဲ ပိုမိုကျယ်ပြန့်တဲ့ တိုင်းရင်းသားတွေတက်မယ့် ညီလာခံမျိုးကို နေပြည်တော်မှာကျင်းပမယ်လို့ ဝန်ကြီးဉီးအောင်မင်းကပြောကြောင်း ဒီညီလာခံမှာ အခြေခံဥပဒေနဲ့မညီတဲ့ တောင်းဆိုချက်တွေကို လွှတ်တော်မှာ တင်ပြဖြေရှင်းသွားမှာဖြစ်ကြောင်း သိရတယ်လို့ ဘီဘီစီကိုဖြေကြားသွားပါတယ်။