ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီပေးဖို့ ဘန် တိုက်တွန်း

  • 30 ဧပြီ 2012
ဓာတ်ပုံ မူပိုင်
Image caption မြန်မာ လွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ ဘန်ကီမွန်း

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မနေ့က တနင်္လာနေ့တုန်းက လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပြီး ဒါဟာ ပြည်ပကလာတဲ့ ခေါင်းဆောင်တယောက် မြန်မာ လွှတ်တော်မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောတာလဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ တကယ့် အမျိုးသား ရင်ကြားစေ့ရေး အစစ်အမှန် ပေါ်ပေါက်ဖို့ ဒီထက်ပိုတိုးပြီး လုပ်ဆောင်သွားဖို့ လိုတယ် ၊ အဲလို လုပ်ဆောင်ဖို့ အခက်အခဲတွေ အများကြီး ရှိတဲ့ အဲဒီ အထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နေရင်းကို စွန့်ခွာ ထွက်ပြေး နေရသူတွေကို ပြန်လည် နေရာချထားပေးဖို့ ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝ လုံခြုံမှု ရှိစေဖို့ ၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကိစ္စတွေ ပါဝင်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မြန်မာ အပေါ် ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကုန်သွယ်ရေး တားမြစ်ချက်တွေကို လျော့ပေါ့တာ ၊ ဆိုင်းငံ့တာ ၊ ရုတ်သိမ်းတာတို့ အမြန်လုပ်ပေးဖို့ သူက တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ တိုးမြှင့်ပေးဖို့ တကယ့်ကို လိုအပ်နေတာပါလို့ မစ္စတာဘန်က ဆိုသွားခဲ့ပါတယ်။

အဲဒီနောက် ရှမ်းပြည်အရှေ့ပိုင်းက ဘိန်းစိုက်ခင်း ဖျက်ဆီးရေး ကုလသမဂ္ဂရဲ့ စီမံကိန်း တခုကို မစ္စတာဘန် သွားရောက် ကြည့်ရှု ခဲ့တယ်လို့ သိရပြီး ဒီနေ့ အင်္ဂါနေ့မှာ သူဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။