ကုလအတွင်းရေးမှူးချုပ် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြော

  • 30 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတဉီးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက် မိန့်ခွန်း ပြောကြားရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အောင်မြင် အောင် ဆောင်ရွက်နိုင်ဖို့ အတွက် လုပ်စရာတွေ အများကြီးလိုအပ် နေသေးတယ်လို့ ပြောကြား သွားပါတယ်။

မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံဟာ အတိမ်းအစောင်းမခံတဲ့ အနေအထားမျိုးမှာ ရောက်ရှိနေပြီဖြစ်လို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်သွားဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးအခြေအနေဟာပြန်ဆုတ် နိုင်သေးကြောင်းနဲ့ စိတ်မချရ သေးကြောင်းပြောပေမဲ့ ပြန်ဆုတ်မယ့် အလားအလာ တော်တော်နည်းသွားပြီလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အပြောင်းအလဲတွေကို လိုလားရုံသာမက မြန်မြန်ဆန်ဆန် ပြောင်းလဲဖို့လည်း လိုလားနေတယ်လို့ သူက ပြောသွားပါတယ်။ ရှေ့ခရီးတလျောက်မှာ အရေးပါတဲ့ သမိုင်း မှတ်တိုင်တွေကို ဆက်လက်ဖြတ်သန်းဖို့ ရှိသေးကြောင်းလည်း ပြောပါတယ်။

၂၀၁၄ မှာ မြန်မာဟာ အာဆီယံ ဥက္ကဌတာဝန်ယူဖို့ ရှိပြီး ၂၀၁၅ မှာ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရမှာ ဖြစ်တယ်။ ဒီလို အရေးကြီးတဲ့ ကာလတွေမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာကလည်း ပိတ်ဆို့ အရေးယူမှုတွေ ထပ်ပြီး လျှော့ချပေးဖို့ အရေးကြီး ကြောင်းကိုလည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်သလို တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောကြား သွားပါတယ်။