ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်

  • 30 ဧပြီ 2012
Image caption KIA တပ်မဟာ ၁ ဟာ ဧရာဝတီ အရှေ့ဘက် ကမ်း ကနေ ဆွန်ပရာဘွန်အထိ ဖြစ်ပါတယ်

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်တွေနဲ့ ကချင်လွပ်မြောက်ရေးတပ် KIA အကြား၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာ၊ တနင်္လာနေ့ မနက်ပိုင်းကလည်း တိုက်ပွဲ ၂ ခု ဖြစ်ပွားခဲ့ ပါတယ်။ တနင်္လာနေ့ မနက် (၇) နာရီ ခွဲ လောက်က မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်က ဝိုင်းမော် မြို့နယ် ‘ဂါးရာယန် ’ ရွာမှာ အစိုးရ တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာ ရမှုတွေ ရှိကြောင်း သိရပေမဲ့ အရေအတွက်ကိုတော့ မသိရ သေးပါ။

နောက်ထပ် တိုက်ပွဲတခု ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ‘ဒိန်ဂါ’ရွာ အနားမှာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ မိုင်းထိတာ အပါအဝင် အပြန်အလှန် ပစ်ခတ်မှု တွေကြားမှာ အစိုးရ စစ်တပ်ဘက်က (၃)ဦး သေကျေ ထိခိုက်ဒဏ်ရာရသွားကြောင်း KIA ဘက်က ပြောပါတယ်။

တနင်္ဂနွေနေ့ လည်ပိုင်းပိုင်းကလည်း ကချင်ပြည်နယ် ‘ ချီဖွေ ’ ဒေသတွင်းမှာ ဝိုင်းမော် ဒေသဘက်ကနေ ကား(၁၀) စီးလောက်နဲ့ တက်လာတဲ့ အင်အား(၂၀ဝ)ဝန်းကျင်ရှိ အစိုးရ စစ်တပ်မှ တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေ အကြား တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ KIA ရှေ့တန်း စစ်ဖက်ရပ်ကွက်တွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ ချီဖွေမြို့နယ်အတွင်း‘လုပီး’ ရွာမှာ NDA-K ကနေ ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ နယ်ခြားစောင့် တပ်ရင်းဌာနချုပ်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ် လို့ အစိုးရဘက်က ဖေါ်ပြခဲ့တဲ့ တပ်တွေဟာလဲ KIA တပ်မဟာ (၁) ရဲ့ လက်အောက်ခံ တပ်တွေပဲ ဖြစ်ကြောင်း သိရပါတယ်။

KIA ရဲ့တပ်မဟာ (၁) နယ်မြေဟာ ဧရာဝတီ မြစ် အရှေ့ဘက်ကမ်း တလျှောက်ကနေ ဆွန်ပရာဘွန် အထိ ရှည်လျားတဲ့ စစ်နယ်မြေတခု ဖြစ်တယ်လို့လည်း သိရပါတယ်။