ကုလ အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

UN DASSK ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဘန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

တနင်္လာနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံခဲ့တဲ့ မစ္စတာ ဘန် ကီမွန်းဟာ သမ္မတကိုရော ဒေါ်အောင်ဆန်း စုကြည်ကိုပါ မြန်မာ့ ဒီမိုကရေစီရေး တိုးတက် အောင် လုပ်ဆောင်သူ တွေအဖြစ် ချီးကျူးစကား ပြောခဲ့ပြီး ရှေ့မှာလည်း အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိကြောင်းလည်း သတိပေး ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယော့ခ်မြို့က ကုလသမဂ္ဂ ရုံးချုပ်ကို လာဖို့ ဖိတ်ခေါ် တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တယ်လို့ မစ္စတာ ဘန်က ပြောပါတယ်။

မစ္စတာဘန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံနိုင်တာ ဖြစ်ပြီး မြန်မာပြည်ကို သူ အရင်တခေါက် လာတုန်းကတော့ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင်ပိုင်းက တွေ့ခွင့် မပေးခဲ့ပါဘူး။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် အမတ်တွေဟာ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်က လွှတ်တော်မှာ ကျမ်းကျိန်ဖို့ ရှိပါတယ်။ အစောပိုင်း တုန်းကတော့ ကျမ်းကျိန်စာသား မပြောင်းသေးတဲ့အတွက် လွှတ်တော် မတက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့ကတော့ စာသား မပြောင်းနိုင်သေးလဲ တက်ဖို့ ဆုံးဖြတ်ကြောင်း ကြေငြာခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းက ပြောရာမှာတော့ နိုင်ငံရေး သမားတွေ အနေနဲ့ အမြင် သဘောထား ကွဲလွဲမှုတွေ ရှိနေမှာ ဖြစ်ပေမယ့် စစ်မှန်တဲ့ ခေါင်းဆောင်တွေ အနေနဲ့တော့ နိုင်ငံနဲ့ ပြည်သူ အကျိုးကို ရှေ့တန်း တင်ပြီး အလျှော့အတင်း လုပ်ကြရ လေ့ရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လွှတ်တော်ထဲမှာ အပြုသဘော ဆောင်ပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှား သွားမယ်ဆိုတာ သူ့အနေနဲ့ တထစ်ချ ယုံကြည် ထားပါကြောင်း ပြောသွားပါတယ်။

မစ္စတာ ဘန်ဟာ တိုင်းရင်းသားပါတီတွေ အပါအဝင် အခြား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နောက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးတို့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါ နိုင်ငံတကာ ကျင့်ဝတ် စံနှုန်းတွေနဲ့အညီ လုပ်နိုင်အောင် ကုလသမဂ္ဂက ကူညီနိုင် ဖို့အတွက် UN Global Compact Network အစီအစဉ် တစ်ခုနဲ့ ပတ်သက်တဲ့ ဆွေးနွေး ဟောပြောမှု အခန်းအနားကိုလည်း မစ္စတာ ဘန်က ဖွင့်လှစ်ပေးခဲ့ပါတယ်။