ဗြိတိန် ရဲ့ မြန်မာ့ လူ့ အခွင့် အရေး အစီရင်ခံစာ

ဗြိတိသျှ အစိုးရက၂၀၁၁ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မထင်မှတ် ထားတဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှု တွေကို တွေ့ရ ပေမဲ့ အရေးပါ အရာရောက်တဲ့ စိန်ခေါ်မှုတွေ ကတော့ ဆက်ပြီး ရှိနေပါတယ်လို့ ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာ့ လူ့ အခွင့် အရေး အထူး ကိုယ်စားလှယ် ကို ဝင်ခွင့် ပေးတာလည်း တိုးတက်မှု

ထင်မှတ် မထားတဲ့ တိုးတက်မှု ဆိုတာ အတိုက် အခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ အစိုးက တွေ့ဆုံ ဆွေးနွေးတာတွေ၊ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကို မြန်မာ နိုင်ငံထဲ လာရောက်ခွင့် ပြုတာ၊ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွှတ် ပေးတာတွေ ကို ဆိုလိုပါတယ်။

ဒါတွေဟာ မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်တဲ့ သက်သေ သာဓက တချို့ ဖြစ်ပေမဲ့ ကချင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ အဖြစ်အပျက် တွေက ဗြိတိသျှ အစိုးရ အတွက် အထူး စိုးရိမ်မှုကို ဖြစ်စေ တယ်လို့ အစီရင် ခံစာမှာ ဆိုထား ပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေး ခဲ့ပေမဲ့ အတော် များများ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေး ပြီး နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ ICRC ကို အကျဉ်းသား တွေနဲ့ တွေ့ခွင့် မပေးတာတွေ ရှိခဲ့တဲ့ အတွက် အကျဉ်းထောင် တွေကို နိုင်ငံတကာက စောင့်ကြည့် လေ့လာနိုင်ဖို့ ဗြိတိသျှ သံအမတ်ကြီး ကနေ တဆင့် မြန်မာ အစိုးရကို ဖိအားပေး သွားမယ်လို့ လည်း ဆိုပါတယ်။

မြန်မာ လူထုက အယုံ အကြည် နည်းတဲ့ မြန်မာ နိုင်ငံရဲ့ ဥပဒေ စိုးမိုးရေး၊ တရား မျှတရေးနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ ရှိသေးတဲ့ အကြောင်းနဲ့ လာဒ်ပေး လာဒ်ယူမှု တွေဟာလည်း ကြီးမားတဲ့ ပြသာနာ တစ်ခု ဖြစ်နေသေးတဲ့ အကြောင်း ပြောထား ပါတယ်။

ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ဒေသ တွေမှာ ဖိနှိပ်မှုတွေ ရှိနေ သေးတာ ကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရား ထဲမှာ သိသိ သာသာ နည်းပါး နေမှုကို ထောက်ပြခဲ့ သလို အမျိုးသမီးတွေ လူမှု ဆက်ဆံရေး နယ်ပယ် ထဲမှာ အခုထက်ပို ပြီး ပါဝင် လာနိုင်အောင် ဗြိတိသျှ သံရုံးကလည်း Action Aid လို အဖွဲ့အစည်း ကနေ တဆင့် ကူညီ လုပ်ဆောင် သွားမယ်လို့ဆို ပါတယ်။

ကလေး အခွင့်အရေး တွေနဲ့ ပတ်သက် ပြီးတော့လည်း မြန်မာ နိုင်ငံရဲ့ ကလေးငယ် ၆၀% လောက်ပဲ မူလတန်း အဆင့်ကို ပြီးမြောက် အောင်မြင်တာ၊ မြန်မာ စစ်တပ် ထဲမှာ ကလေး စစ်သားတွေ ရှိနေသေးတာ အရွယ် မရောက် သေးတဲ့ ကလေးတွေ အခြေ အနေအရ အလုပ် လုပ်နေ ကြရတာတွေ ရှိတယ်လို့လည်း ဖော်ပြထား ပါတယ်။

မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်း နိုင်ခဲ့ပေမဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင် စရာတွေ အတော် များများ ရှိနေ သေးတဲ့ အတွက် လူ့အခွင့် အရေး ချိုးဖောက်မှု တွေကို ဖော်ထုတ်တဲ့ နေရာမှာ ဒီကော်မရှင်က အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင် သွားဖို့နဲ့ မြန်မာအစိုးရကို လိုအပ်ရင် လိုအပ်သလို ဖိအားပေးဖို့ ကိုလည်း အားပေး သွားမယ်လို့ အစီရင်ခံစာထဲမှာ ရေးသားထား ပါတယ်။