ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆို

Daw Aung San Suu Kyi enters parliament ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ် တွေ ကျမ်းကျိန်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပထမဆုံး အကြိမ် လွှတ်တော်ထဲ စတင် ဝင်ရောက် လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လကျော်က ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ပါတီအပြတ် အသတ် အနိုင်ရခဲ့ ပြီးတဲ့နောက် ဗုဒ္ဓဟူး နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျန်ဆိုခဲ့ကြပါတယ်။

မူလကတော့ အဲဒီ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ရွတ်ဆိုရမယ့် စာသားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမယ် ဆိုတဲ့ စကားလုံး ကို လေးစား လိုက်နာပါ့မယ် လို့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ အန်အယ်လ်ဒီ ပါတီက တောင်းဆို ထားခဲ့ပြီး လွှတ်တော် မတက်ပဲ နေခဲ့ကြပါတယ်။

အစိုးရ ဘက်က စကားလုံး အသုံး အနှုန်းကို ပြင်ဆင် မပေးခဲ့ ပေမဲ့ ပြည်သူလူထု အများရဲ့ ဆန္ဒ အတိုင်း နောက်ဆုံးမှာ အန်အယ်လ်ဒီ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ က လွှတ်တော်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြ တာ ဖြစ်ပါတယ်။

ဒါဟာ ပြည်သူလူထု အများရဲ့ ဆန္ဒ ကို အလေးထားတဲ့ အနေနဲ့ ဆုံးဖြတ် ခဲ့ကြတာလို့ ဆိုပါတယ်။

ရွေးကောက် ခံခဲ့ကြရတာ မဟုတ်ဘဲ လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်ကို သတင်းထောက်တွေက မေးခဲ့တဲ့ အခါ သူ့ အနေနဲ့ တပ်မတော် အပေါ် အလွန်ကို ကောင်းမွန်တဲ့ သဘောထား ရှိတဲ့ အတွက် လွှတ်တော်ထဲမှာ သူတို့နဲ့ အတူ လက်တွဲ ဆောင်ရွက် ရမှာကို ဘယ်လိုမှ အနှောင့် အယှက် မဖြစ် ဘူးလို့ ပြောပါတယ်။

လွှတ်တော် မြင်ကွင်း

ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အန်အယ်လ်ဒီ လွှတ်တော် အမတ်တွေ လွှတ်တော်ကို ပထမဆုံး အကြိမ် တက်ရောက်ပြီး ကျမ်းသစ္စာ ကြိမ်ဆို တဲ့ နေ့မှာ ပြည်တွင်း ပြည်ပက သတင်းထောက်တွေ လွှတ်တော် ထဲမှာ အပြေးအလွှား သတင်း ရယူကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်တွင်း လာတာကို သတင်းထောက် တွေ သတင်း ရယူ

လွှတ်တော် အမတ်တွေ ကလည်း စိတ်ဝင် တစားနဲ့ စောင့်ကြို ခဲ့ကြတယ်လို့ လွှတ်တော်ကို ရောက်နေတဲ့ သတင်းထောက် တွေက ပြောပြပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီအမတ်တွေ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက တိုင်းကြား ပေးပါတယ်။

အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်ထဲ ရောက်လာတာနဲ့ပတ်သက်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်အမတ် ဦးဝင်းဦးက ကြိုဆို ကြောင်း ပြောပါတယ်။

လွှတ်တော် ရပ်နားချိန် မှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ထိုင်ခုံကို လာရောက် နှုတ်ဆက် စကားပြော ခဲ့ပါတယ်။

တိုင်းရင်းသား ပါတီတွေနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နေ့လည်စာ ကို အတူ စားသုံး ခဲ့ကြ ပါတယ်။