မတူကွဲပြားပါတီ ဖျက်ခံရနိုင်ကြောင်း သတိပေး

  • 3 မေ 2012
peace diversity
Image caption မတူ ကွဲပြားနဲ့ ငြိမ်းချမ်းရေး ပါတီ အလံ

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီက လစဉ်ထုတ် စာစောင်မှာ လယ်သမားတွေရဲ့ လယ်တွေ အဓမ္မ အသိမ်းခံရမှုကို ဖော်ပြ ရေးသားခဲ့ပြီးနောက် တည်ဆဲ ဥပဒေနဲ့ ပါတီ အဖျက်ခံရတဲ့ထိ အရေးယူ ခံရနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့ပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီနဲ့ ရွှေနံသာ လယ်သမားများ ပြဿနာ ဆိုတဲ့ နံမယ်နဲ့ လယ်သမားတွေ လယ်သိမ်းခံရတဲ့ အဖြစ်အပျက်တွေကို မနှစ်က ဖော်ပြခဲ့ပြီးနောက် ဒီထုတ်ဝေမှုဟာ ပြန် ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ ငြိစွန်းနေတယ်လို့ ပြန်ကြားရေးက ခေါ်သတိပေးပြီး စာစောင် ထုတ်ဝေသူ ဉီးတင်မောင်အေးနဲ့ ဥက္ကဌ ဉီးနေမျိုးဝေတို့ကို ဝန်ခံ ကတိ လက်မှတ် ရေးထိုးခိုင်ခဲ့ပါတယ်။

တခါ ထားဝယ် ရေနက် ဆိပ်ကမ်း အရှုပ်တော်ပုံ ခေါင်းစဉ်နဲ့ မြေသိမ်း လျော်ကြေး ကိစ္စ၊ မြေယာ အရောင်းအဝယ် အရှုပ်တော်ပုံ ကိစ္စတွေကို ဖွင့်ချခဲ့ပြီးနောက်မှာ မကြာသေးခင်က နောက်ဆုံး အကြိမ် ခံဝန် ကတိပြုခိုင်း ခဲ့ပြန်ကြောင်း ဉီးနေမျိုးဝေက ပြောပါတယ်။

ဒါပေမယ့် သူတို့ ပါတီကို စပြီး မှတ်ပုံတင်ချိန်က စပြီး အခု အငြင်းပွားစရာ ဖြစ်နေတဲ့ လုပ် ဆောင်မှုတွေကို လုပ်မယ်လို့ ကော်မရှင်ကို အသိပေးပြီး မှတ်ပုံ တင်ခဲ့တာ ဖြစ်တယ်လို့ ဉီးနေမျိုးဝေက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

လောလောဆယ် တခြား ပါတီတွေဆီက သဘောထား မှတ်ချက်တွေ တောင်းခံထားပြီး ဒီသဘောထား မှတ်ချက်တွေပေါ် မူတည်ပြီး တုန့်ပြန် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ပါတီ အဖျက်ခံရမှာကို မစိုးရိမ်ဘူးလို့လည်း ဉီးနေမျိုးဝေက ဘီဘီစီကို ပြောပြခဲ့ပါတယ်။