ထိုင်းရောက် ဗမာပြည်သားများ နေခွင့်ကဒ်ပြားရ

  • 2 မေ 2012
refugee
Image caption ထိုင်းကို ပြေးလာတဲ့ မြန်မာ နိုင်ငံသားတချို့ တတိယနိုင်ငံတွေမှာ အခြေချခွင့်ရလို့ ထွက်လာကြ

ထိုင်းအစိုးရက အခု နိုင်ငံသား ပေးမယ့်သူတွေ ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက စစ်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

ကရင်လူမျိုးတွေနဲ့ တခြား လူမျိုးတွေကိုတော့ အမေရိကန် green card လိုမျိုး အမြဲတန်း နေထိုင်ခွင့် ကဒ်ပြား ထုတ်ပေးမှာ ဖြစ်ပြီး ထိုင်း နိုင်ငံမှာ မွေးတဲ့ သူတို့ရဲ့ ကလေးတွေကို ထိုင်း နိုင်ငံသား ကဒ်ပြား ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီလူတွေ ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင် လာချိန်ကစပြီး သူတို့ကို ထိုင်းပြည်ထဲရေး ဌာနက ထိုင်းအနွယ်ဖွားတွေကို အဝါရောင်၊ လူ မျိုးစုတွေကို အပြာရောင်၊ တခြား လူမျိုးတွေကို အစိမ်းရောင်နဲ့ ပန်းရောင် ယာယီ နေထိုင်ခွင့် ကဒ်ပြားတွေကို ထုတ်ပေးထားပါတယ်။

ဒီလိုကဒ်ပြားတွေ ရှိတဲ့သူတွေမှ အခုလို အခွင့်အရေးတွေကို ရမှာဖြစ်ပါတယ်။

သူတို့ကို ၀န်ကြီးချုပ်ဟောင်း ထပ်ဆင်အစိုးရ လက်ထက်တုန်းက တကြိမ်ပေးခဲ့ပြီး မဲဆောက် နဲ့ မဲလမတ်မြို့တွေက ကျန်နေတဲ့သူ ၂၅၅၀ ကို အခုအစိုးရ လက်ထက်မှာ ပြန်ပြီး ဆောင်ရွက် ပေးတာ ဖြစ်ပါ တယ်။

လက်ရှိ အစိုးရက ဆောင်ရွက် ပေးနေတာကို ထိုင်းအထက် လွှတ်တော် ဉပဒေကို အသုံးပြုပြီး ပြဿနာတွေကို လေ့လာ အဖြေရှာရေးနဲ့ နိုင်ငံမဲ့ ပြဿနာ ဖြေရှင်းရေး ကော်မီတီ ဉက္ကဌ နိုင် ဆူဖွတ် လီယက်ပရထုမ်က ပြည်ထဲရေး ဝန်ကြီးဟာ အခု ၅၃၅ ယောက်ကို နိုင်ငံသားပေးဖို့ လက်မှတ် ထိုးပေးလိုက်ပြီ ဖြစ်ပြီး တနိုင်ငံ လုံးအတိုင်းအတာနဲ့ ၈ ထောင်နဲ့ ၉ ထောင်ကြား မှာကျန်နေသေးကြောင်း ဒီလူတွေအတွက်လည်း ဝန်ကြီးက အမြန်ဆုံး လက်မှတ် ထိုးပေး မယ်လို့ ပြောပါတယ်။

လက်ရှိ ယာယီနေထိုင်ခွင့် ကဒ်ပြား ကိုင်ဆောင်ထားသူ တယောက်က သူတို့အခြေအနေကို ပြောရာမှာ ခရီးသွားလာဖို့ အခက်အခဲရှိကြောင်း၊ ကိုယ်သွားချင်တဲ့ အချိန် သွားလို့မရဘဲ ရုံးက ခွင့်ပေးမှ သွားလို့ရကြောင်း ပြောပြပါတယ်။

permanent resident ရသွားရင်တော့ အဆင်ပြေနိုင်တယ်ပြောပါတယ်။

ဘာလို့လည်းဆိုတော့ကိုယ်သွားချင် တဲ့အချိန် လုပ်ငန်းရှိတဲ့ အချိန်သွာလို့ လွယ်တဲ့အတွက် ဖြစ်ပြီး ခလေးတွေ အတွက်လည်း အနာဂါတ် ကောင်းတယ်လို့ ပြောပါတယ်။

အခုဒီအထက် လွှတ်တော် ကော်မီတီက လိုအပ်တာတွေကို ပြင်ဆင်ထားတဲ့ ဖိုင်တွေကို ကိုယ်တိုင် ပြည်ထဲရေး ဝန်ကြီးဆီကို တင်ပေးမှာ ဖြစ်တာကြောင့် ဒီနိုင်ငံမဲ့နေတဲ့ သူတွေဟာ မကြာခင်မှာ သူတို့ရဲ့ အိမ်မက် ပြည့်ဝတော့မယ်ဆိုပြီး ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။