နာဂစ် လေးနှစ်ပြည့်ပေမဲ့ လယ်သမားတွေ အခက်ကြုံဆဲ

  • 2 မေ 2012
Nagis
Image caption နာဂစ် ဒဏ်သင့် နေရာတနေရာ

နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့တာ လေးနှစ် ပြည့်ပါပြီ။

မုန်တိုင်းတိုက်ခတ်တာ လေးနှစ်ကြာပြီဖြစ်ပေမဲ့ လယ်သမားတွေ အခက်ကြုံနေဆဲ ဖြစ်တယ်လို့ IDE နိုင်ငံတကာ ဖွံ့ဖြိုးမှု အဖွဲ့မှာ နာဂစ်ကာလတုန်းက ပါဝင် ဆောင်ရွက်ခဲ့ပြီး အခုအချိန်အထိ ဧရာဝတီတိုင်း နာဂစ်ဒဏ်သင့် ဒေသ အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ ဉီးလှထွန်းက ပြောပါတယ်။

မုန်တိုင်းတိုက်ပြီး ၂ နှစ် အကြာမှာ နိုင်ငံတကာ အကူအညီတော်တော်များများကို ဖြတ်တောက်ခဲ့တဲ့ အတွက် ထမင်းအိုးဆူကာနီး မီးရှိန်တက်နေချိန်မှာ မီးလျော့တာ ခံလိုက်ရသလို ဖြစ်သွားတယ်လို့ သူက ပြောပါတယ်။

အကူအညီတွေ လိုအပ်ချိန်မှာ ဆိုင်းငံ့ခံလိုက်ရတဲ့ အတွက် လယ်သမားတွေအတွက် လိုအပ်တဲ့ အကူအညီတွေ မရခဲ့ဘူးလို့ ပြောပါတယ်။

လယ်မြေတွေဟာ ပင်လယ်ရေကြောင့် ဆားပေါက်ပြီး အက်ဆစ်ဓါတ်များနေတယ်လို့ ဆိုပါတယ်။ အက်ဆစ်ဓါတ်များတဲ့ အတွက် သီးနှံ ပျက်စီးတာ၊ အထွက်နှုန်း ကျဆင်းတာတွေကြုံတွေ့ကြရတယ်လို့လည်း ဆိုပါတယ်။

နွေစပါး တဧကကို ပျမ်းမျှ စပါးတင်း ၇၀ ထွက်တယ်လို့ ပြောနေကြပေမဲ့ လယ်မြေအများစုဟာ တင်း ၃၀ လောက်ပဲ ထွက်တယ်လို့ လည်း သူက ထောက်ပြပါတယ်။

ပညာရေး အခြေအနေ သင့်တင့် ကောင်းမွန်ပေမဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေလည်း သိပ်ညံ့တယ်လို့ ဆိုပါတယ်။

နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်ခဲ့ကြတဲ့ ကလေးငယ်တွေကိုလည်း ဘုန်းတော်ကြီးကျောင်းတကျောင်းရဲ့ ကူညီစောင့်ရှောက်မှုမှတပါး၊ တခြားကူညီစောင့်ရှောက်မှုတွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။