ပဲခူးအလုပ်သမား သမဂ္ဂ ဖွဲ့ခွင့်မရသေး

union ဓာတ်ပုံ မူပိုင် photo ThanToeAg
Image caption သမဂ္ဂ နာမည်သုံးခွင့် မရသေး

အလုပ်သမား ဥပဒေ အတည်ပြုထားပြီး ဖြစ်ပေမယ့် ပဲခူးတိုင်းမှာတော့ အလုပ်သမား သမဂ္ဂ ဖွဲ့ခွင့် ခုထိ မရသေးပါဘူး။

ဗုဒ္ဓဟူးနေ့ ကလည်း ပဲခူးမြို့က ချည်မျှင် ချည်ထည်နဲ့ သားရေ အလုပ်သမား သမဂ္ဂ အတွင်းရေးမှူးကို ပဲခူး ခရိုင် ဦးစီးမှူးက ခေါ်ပြီး သမဂ္ဂ နာမည်နဲ့ ဥပဒေအရ ဖွဲ့စည်းခွင့် မပြုဘူးလို့ ခေါ်သတိပေး ပါတယ်။

နောက်ပြီး တရက်အတွင်း နာမည်ပြောင်း ပေးမယ်ဆိုရင် ဖွဲ့ခွင့် ပေးမယ်ဆိုကြောင်း သမဂ္ဂ အတွင်းရေးမှူး ဦးဆန်းကျော်က ဘီဘီစီကို ပြောပါတယ်။

အလားတူ ပဲခူး ညောင်လေးပင်၊ ဒိုက်ဦး မြို့နယ်တွေက အလုပ်သမား အဖွဲ့တွေ အားလုံး ကိုလည်း ခေါ်သတိပေး ခဲ့ပါတယ်။

အလုပ်သမား တွေကတော့ နိုင်ငံတကာမှာလည်း သမဂ္ဂ နာမည် သုံးစွဲပြီး သမ္မတ ကိုယ်တိုင် ကပါ သုံးနှုန်းတဲ့ အတွက် မကျေလည်ဘူး၊ သမ္မတဆီ အယူခံမယ်လို့ အလုပ်သမား အကျိုးဆောင် ရှေ့နေ ဦးဌေးဦးက ဆိုပါတယ်။

အစိုးရဘက်က မှတ်ပုံတင် အရာရှိ မခန့်ရသေး လို့ဆိုပြီး အကြောင်းပြ သလို နည်းဥပဒေ အရ သမဂ္ဂ နာမည်နဲ့ ဖွဲ့ခွင့် မပေးဘူးလို့ ထပ်အကြောင်းပြ နေတာ ဖြစ်ပါတယ်။