စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဖို့ ဘာတွေ လိုအပ် သလဲ

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ World Press Freedom Day အထိမ်း အမှတ်နေ့ ကို မြန်မာ အစိုးရနဲ့ UNESCO ကုလ သမဂ္ဂ စာပေနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သတင်း လွတ်လပ်ခွင့် အတွက် လုပ်ဆောင် နေတာ တွေ ကို ပြန်ကြားရေး ဒုဝန်ကြီး ပြောခဲ့

ဒါဟာမြန်မာ အစိုးရက သတင်း လွတ်လပ်ခွင့်ကို အသိ အမှတ် ပြုတဲ့ နောက်ထပ် လက္ခဏာ တစ်ခု ဖြစ်တယ်လို့ သတင်းထောက် တွေက ပြော ပါတယ်။

အခုလို အခမ်း အနား ပြုလုပ်တာဟာ နိုင်ငံ တည်ဆောက်ရေးမှာ သတင်း မီဒီယာ ပါဝင်တဲ့ အခန်း ကဏ္ဍကို အသိ အမှတ် ပြုတာ ဖြစ် တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ပြောပါတယ်။

သတင်း လွတ်လပ်ခွင့် နဲ့ ပတ်သက်ပြီး စာနယ်ဇင်း သမားတွေ လွတ်လွတ်လပ်လပ် သတင်းရေးသား နိုင်ခွင့် အပြင် သတင်း အချက် အလက်တွေ ရယူ နိုင်ရေးမှာ အစိုးရ ဘက်က လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ကိုလည်း မြန်မာ အစိုးရ ဘက်က လုပ်ဆောင် နေပါတယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

သတင်းနဲ့ စာနယ်ဇင်း သမားတွေ ကတော့ ဘယ်လို စာနယ်ဇင်း ဥပဒေတွေ၊ ပုံနှိပ် မီဒီယာ ဥပဒေတွေပဲ ပေါ်လာ ပေါ်လာ မီဒီယာ သမားတွေရဲ့ အခွင့် အရေးနဲ့ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ အခွင့် အရေးတွေ၊ လုပ်ငန်း ဆိုင်ရာ အခွင့် အရေး တွေကို အကာ အကွယ် ပေးတာ မျိုးပဲ ဖြစ်စေ ချင်တယ်လို့ မြန်မာ နိုင်ငံ သတင်းစာ ဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မီတီ နာယက သတင်းစာ ဆရာ မောင်ဝံသက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်း သမဂ္ဂတွေ ဖွဲ့စည်းဖို့ ပြင်ဆင် နေကြတဲ့ သတင်း ဆိုင်ရာ အဖွဲ့အစည်း တွေကလည်း ရန်ကုန်နဲ့ မန္တလေးမြို့တို့ မှာ အထိမ်းအမှတ် ပွဲတွေ ကျင်းပ ခဲ့ကြ ပါတယ်။