၈၈ကျောင်းသားတွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ပါဝင်တဲ့ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ဟာမေလ၂ရက် နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုန်းနဲ့ ညောင်ရွှေမြို့ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း လှည့်လည် ဆွေးနွေးနေကြပါတယ်။

ဒေသခံ လူထုနဲ့ ဆွေးနွေးရာမှာ ရဲရဲတင်းတင်း ပြောဆို ဆွေးနွေးနိုင်တဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်လာအောင် လူထုကို အားပေးခဲ့ကြတယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကို အံ့ဘွယ်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

ဒေသခံတွေဘက်က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဘာ့ကြောင့် တက်တာလဲ ၊ ၈၈ကျောင်းသားတွေ ပါတီ နိုင်ငံရေး ဘယ်တော့ စလုပ်မလဲ၊ စတာတွေအပါအဝင် သူတို့ သိလိုတဲ့ ကိစ္စတွေကို မေးမြန်းခဲ့ကြသလို လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စအပါအဝင် ပုဂ္ဂလိကပိုင်းဆိုင်ရာ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ဒေသတွင်း လူမသိ သူမသိ ဖြစ်နေတဲ့ ကိစ္စတွေကို အာဏာပိုင်တွေ သိလာအောင် ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ကြိုးစား တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေအနေနဲ့လည်း အရင်ကထက် ပိုပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောဆို တင်ပြလာကြတာကို တွေ့ရပြီး တွေ့ကြုံရတဲ့ အခက်အခဲ ပြဿနာတွေကို အချက်အလက် စာရင်းဇယား အထောက်အထား စုံစုံလင်လင် ပေးနိုင်တာကို တွေ့ခဲ့ရတယ်လို့လည်း ကိုအံ့ဘွယ်ကျော်က ဘီဘီစီကို ပြောပြပါတယ်။