ကေအိုင်အိုနဲ့ အစိုးရ အပြန် အလှန် စွပ်စွဲ

  • 4 မေ 2012
Kachin ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရက ကေအိုင်အို တဖွဲ့ထဲကို တိုက်နေတာပါ

ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ဟာ ပန်ဝါမှာ ရှိတဲ့ အန်ဒီအေကေ ကနေ အသွင်ပြောင်း ထားတဲ့ နယ်ခြားစောင့် တပ် ဌာနချုပ် ကို ဝင်တိုက်တဲ့ အတွက် နှစ်ဖက် အကျ အဆုံးတွေ ရှိတယ်လို့ မြန်မာ အစိုးရ သတင်းစာ က ရေးသလို၊ ကေအိုင်အို ဖက်က လည်း သူတို့ရဲ့ ဌာနချုပ် လိုင်ဇာ ကို အစိုးရက အင်အား အလုံးအရင်း နဲ့ ဝိုင်းရံ လာ နေပြီး လိုင်ဇာကို လက်နက်ကြီး တွေနဲ့လည်း ပစ်ခတ် ခဲ့တယ်လို့ ပြောပါတယ်။

ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လိုလိုနဲ့ မြန်မာ အစိုးရ တို့ ကြား အပစ် အခတ် ရပ်စဲ နိုင်ပေမယ့် ကချင် အဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဟာ ကေအိုင်အို အပေါ် မြန်မာ အစိုးရ က နိုင်ငံရေး အရ ပါးနပ်သူတွေ အဖြစ် ရှုမြင် တာကြောင့် ဖြစ်တယ်လို့ ဒီမိုကရေစီ နဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု အဖွဲ့ (NDD) က သုတေသီ ဉီးဌေးအောင် က ပြောပါတယ်။

ကချင်အဖွဲ့ဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရနဲ့ ဆွေးနွေးခဲ့တာ ရှိသလို ဗမာပြည် ကွန်မြူနစ် ပါတီ နဲ့လည်း မဟာမိတ်ဖွဲ့ တာ ပြန်တိုက်တာ မျိုးတွေ ရှိခဲ့ တဲ့အကြောင်း သူက ထောက်ပြပါတယ်။

စစ်အစိုးရ လက်ထက် အမျိုးသား ညီလာခံတွေ တက်တုန်းက ဆက်ဆံခဲ့ တာကို ကြည့်ရင်လည်း မြန်မာ အစိုးရက ကချင် အဖွဲ့ကို မယုံ တာကို တွေ့ရတယ် လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် HRW
Image caption စစ်ပွဲ တွေကြောင့် အိမ်ပြန် မရတဲ့ ဒုက္ခသည် တွေလည်း အများကြီးပါ

ဒါ့အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် လက်ထက်မှာ ရေးခဲ့တဲ့ အစီရင် ခံစာတွေ မှာလည်း ကေအိုင်အို အဖွဲ့ကို တခြားအဖွဲ့ တွေနဲ့ စာရင် သံသယ နဲ့ ပို ကြည့်ခဲ့တယ်လို့ ဦးဌေးအောင် ကပြောပါတယ်။

ဒါကြောင့် အခု ကချင်အဖွဲ့ ကိုတိုက် နေတာဟာ တရုတ်နိုင်ငံနဲ့ သွယ်တန်းမယ့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ကိစ္စတခုတည်း ကြောင့် မဖြစ်နိုင် ဘူးလို့ သူက သုံးသပ်ပါတယ်။

ကေအိုင်အို အဖွဲ့ကို စတင် ဖွဲ့စည်းတုန်းက လွတ်လပ်တဲ့ နိုင်ငံသစ် တခု ထူထောင်ဖို့ ရည်ရွယ် ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဖက်ဒရယ် ပြည်ထောင်စု ထဲမှာဘဲ နေမယ်ဆိုတဲ့ မူမျိုးကို ပြောင်းလဲပြီး အစောဆုံးကြေညာ ခဲ့တဲ့ အထဲမှာ ပါတယ်လို့ လည်းပြောပြပါတယ်။

ကချင် လွတ်လပ်ရေး အဖွဲ့က အရင် အပစ်အခတ် ရပ်စဲမှု သဘောတူ ညီချက် ရခဲ့တဲ့ နောက်ပိုင်းမှာ အစိုးရက နှစ်ဖက် ဆွေးနွေးတာ မလုပ်ခဲ့ ဘဲ အမျိုးသား ညီလာခံထဲမှာဘဲ ဆွေးနွေးမယ် ဆိုပြီး ပြောင်းလဲ ပြောဆိုခဲ့ တာကို လည်း သူကထောက် ပြပါတယ်။

အဲဒီ သင်ခန်းစာမျိုး ရှိတဲ့အတွက် ကေအိုင်အို ဖက်ကလည်း မြန်မာ အစိုးရကို အယုံအကြည် နည်းနေတာ ဖြစ်နိုင်တယ်လို့ ဦးဌေးအောင်က ဘီဘီစီ ကိုပြောခဲ့ ပါတယ်။