ရခိုင် ဂက်စ်ပိုက်လိုင်း ဖောက်တဲ့နေရာက လျော်ကြေး ပြဿနာ

  • 4 မေ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ရခိုင်ပြည်နယ်ကနေ တရုတ်ကို တင်ပို့မယ့် ဂက်စ်ပိုက်လိုင်းလမ်းကြောင်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တရုတ်ကို တင်ပို့မယ့် ဂတ်စ်ပိုက်လိုင်း တည်ဆောက် နေရာမှာ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေ အတွက် လျော်ကြေးတွေ ထုတ်ပေးမှုတွေမှာ မှန်မှန်ကန်ကန် မဖြစ်တဲ့ အတွက် တောင်သူ လယ်သမားတွေ အကြားမှာ ပြဿနာ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

အခုလို လျော်ကြေးတွေ ထုတ်ပေးရာမှာ တန်ရာတန်ကြေး မရတာတွေ ရှိသလို တဦးရဲ့ လယ်ကို နောက်တဦးက နာမည် ခံပြီး ထုတ်ယူသွားတာကြောင့် လယ်သမားတွေကြားမှာ ပြဿနာတွေ အများအပြား ပေါ်ပေါက်နေတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးကျော်လွင်က ဘီဘီစီကို ပြောပြပါတယ်။

တန်ရာတန်ကြေး မရလို့ တိုင်ကြားလာတာတွေ ရှိတာမို့ လွှတ်တော် ဥက္ကဌဆီ တင်ပြမယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် ကဘန်ချောင်းရွာမှာ လယ်သမားတွေ စုပေါင်းပိုင်တဲ့ လယ်တာတမံကို ပိုက်လိုင်း ဖြတ်ပြီး ဆောက်လုပ်တဲ့ အတွက် လျော်ကြေးငွေပေးရာမှာ လယ်သမား ၅၇ဦးကိုပဲ လျော်ကြေးပေးပြီး ကျန်တရာကျော်ကို မပေးတဲ့အတွက် လျော်ကြေးငွေ မရသူတွေက မကျေမနပ် ဖြစ်နေကြကြောင်း၊ ဒါ့ကြောင့် လျော်ကြေးမရသူတွေက တာတမံကို ဆည်မဖို့ပဲ ထားခဲ့တဲ့အတွက် ဆားငံရေတွေ ဝင်ပြီး လယ်မြေတွေ ပျက်စီးခဲ့ကြောင်း ဦးကျော်လွင်က ပြောပါတယ်။