မြစ်ကြီးနားမှာ ဗုံး၂လုံး ဆက်တိုက်ပေါက်ကွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး

မြစ်ကြီးနားမြို့ အေဒင် ရပ်ကွက်မှာ စနေနေ့ မနက် ၆နာရီခွဲလောက်မှာ ဗုံးနှစ်လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသွားသူတွေထဲမှာ လုံခြုံရေး ရဲ တပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး တဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ မြစ်ကြီးနား ဆေးရုံက ပြောပါတယ်။

ပထမဗုံးပေါက်ရာနေရာကို ရဲတွေ သွားရောက် ကြည့်ရှုနေစဉ်မှာ ဒုတိယ ဗုံးပေါက်ကွဲခဲ့ပြီး အခုလို ဒဏ်ရာရခဲ့ကြတာလို့ သိရပါတယ်။

ဧပြီလကုန်ပိုင်းတုန်းကလည်း မိုးညှင်းမြို့နားမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် မန္တလေးကနေ မြစ်ကြီးနားကို ပြေးဆွဲနေတဲ့ မီးရထား လမ်းချော် တိမ်းမှောက်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေပြီး မီးရထားနဲ့ ခရီးသွားလာသူတွေ သိပ်မရှိကြပဲ ည ၇နာရီလောက်ဆို အိမ်ပြင်မထွက်ကြတော့ဘူးလို့ မြစ်ကြီးနား မြို့ခံတဦးကဘီဘီစီကို ပြောပြပါတယ်။

မြစ်ကြီးနားမြို့မှာ လုံခြုံရေးတွေ တင်းကျပ်နေပြီး ညဘက် အပြင်ထွက်ရင် မှတ်ပုံတင်ကိုင်ပြီး ထွက်ကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက လိုက်လံ ပြောဆိုထားသလို မိသားစု သန်းခေါင်စာရင်းတွေကိုလည်း လိုက်လံ စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့ လက်ချက်လဲဆိုတာ အသေအချာ မသိရသေး ပါဘူး။

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA ကချင် လွတ်လပ်ရေး တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။