မြန်မာ ဒုသမ္မတ နှုတ်ထွက်ကြောင်း သတင်းတွေထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုသမ္မတ ဦးတင်အောင်မြင့်ဦးကို သဘောထား တင်းမာသူအဖြစ် တချို့ကယူဆ

မြန်မာအစိုးရ ဒုတိယ သမ္မတ ဦးတင်အောင် မြင့်ဦး နှုတ်ထွက် စာတင်တယ်ဆိုတဲ့ သတင်းတွေ အခု ရက်ပိုင်းမှာ ထွက်ပေါ်နေ ပါတယ်။

ဒါပေမယ့် ဒီသတင်းကို အခုချိန်ထိ အတည်မပြု နိုင်သေး ပါဘူး။

ဘီဘီစီက စုံစမ်းသိရ သလောက် ကတော့ ဦးတင်အောင်မြင့်ဦးဟာ လောလောဆယ် မှော်ဘီမှာ ဘုန်းကြီးဝတ်နေတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်ကာပူကို သွားရောက်ပြီး ဆေးကုသခံခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်မြင့်ဦးဟာ လက်ရှိ အစိုးရအတွင်းမှာ သဘောထား တင်းမာသူအဖြစ် နိုင်ငံရေး အကဲခတ်တွေက ရှုမြင် သုံးသပ်ကြပါတယ်။

သူဟာ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အဆိုပြု တင်သွင်း ခဲ့တဲ့ ဒုတိယ သမ္မတ ဖြစ်ပါတယ်။

သူသာ ရာထူးကနေ နှုတ်ထွက်မယ်ဆိုရင် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုနိုင်တယ်လို့ လွှတ်တော် အခွင့်အရေးကော်မတီနဲ့ နိုင်ငံတကာရေးရာ ကော်မတီအဖွဲ့ဝင် SNLD ကျားဖြူ ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

မြန်မာ အစိုးရအတွင်းမှာ သဘောထား တင်းမာသူတွေနဲ့ ပျော့ပြောင်းသူတွေအကြား စိတ်ဝမ်း ကွဲမှုတွေ ရှိနေတယ်လို့ တချို့က ယူဆနေချိန်မှာပဲ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူး ကနေ နှုတ်ထွက်တယ်ဆိုတဲ့ ဒီသတင်း ထွက်ပေါ်လာတာပါ။

တချိန်တည်းမှာပဲ အစိုးရ အဖွဲ့အတွင်း ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ ရှိနေပြီး လာမယ့် လွှတ်တော် ကျင်းပချိန်ကျရင် ဒီကိစ္စ ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။