ILO အဖွဲ့ မြန်မာ့ အလုပ်သမား အရေး လေ့လာ

_uzbekcotton
Image caption ကလေး အလုပ်သမား

အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဥက္ကဌ ဂရက်ဗိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ပြီးဆုံးသွားပါတယ်။

ဒီခရီးစဉ် အတွင်းမှာ မစ္စတာဗိုင်း ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ထိပ်တန်း ဝန်ကြီးတွေ၊ လွှတ်တော် ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ကုန်သည် ကြီးများအပြင် အလုပ်သမား အရေး လှုပ်ရှားသူတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

ခရီးစဉ် ရဲ့ ရည်ရွယ်ချက် ကတော့ ILO နဲ့ မြန်မာ အစိုးရ သဘောတူ ထားတဲ့ နားလည်မှု စာချွန်လွှာ အရ၊ မြန်မာ ဘက်က လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ ဆိုတာကို လာရောက် လေ့လာ အကဲခတ်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ အလုပ်သမားရေးရာ ရပိုင်ခွင့် နဲ့ လှုပ်ရှားခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ အဓမ္မ လုပ်အားပေး စနစ်၊ ကလေးအလုပ်သမား နဲ့ ကလေးစစ်သား ပပျောက်ရေး စတာတွေ ပါဝင်ကြောင်း ILO ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ညှိနှိုင်းရေးမှူး စတိဗ် မာရှယ် က ဘီဘီစီ ကို ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့တဲ့ အခါမှာ ကလေးစစ်သား ပပျောက်ရေး ကို ၂၀၁၅ ခု မတိုင်မီ အဆုံးသတ်စေမယ်၊ အသက် ၁၈နှစ်အောက် ကလေးတွေကို အဓမ္မ စစ်သား စုဆောင်းမှု မပြုဘူး ဆိုတဲ့ အပိုင်းကို လေးလေးနက်နက် အကောင်အထည် ဖေါ်မယ့် အကြောင်း မစ္စတာဗိုင်း ကို ပြောတာကို စတိဗ် မာရှယ် က ဘီဘီစီ ကို ရှင်းပြပါ တယ်။

ဒါပေမယ့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေး အလုပ်သမား၊ ကလေးစစ်သား ရှိနေတာကို တိုင်တန်း အစီရင်ခံမှု တွေ ရှိနေသေးတဲ့ အတွက် ILO အနေနဲ့ မြန်မာအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပုံ၊ လာမယ့် ဇွန်လမှာ ကျင်းပမယ့် ILO ညီလာခံမှာ လေ့လာ တွေ့ရှိချက်တွေ တင်ပြဖို့ ရှိကြောင်း၊ ပြည်တွင်းမှာ အထိုက်အလျှောက် တိုးတက်မှု တွေ့ရပေမယ့် ကြိုးပမ်းဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိနေကြောင်းလည်း စတိဗ် မာရှယ် က ပြောပြပါတယ်။