ဦးရွှေမန်းနဲ့အဖွဲ့ ဂျာမနီရောက်

  • 7 မေ 2012
Shwe Mann ဓာတ်ပုံ မူပိုင် HSF
Image caption သူရ ဦးရွှေမန်း

မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စား လှယ် ၈ ဦးဟာ ဥရောပ ဒီမိုကရေစီနဲ့ ပါလီမန်စနစ်ကို လေ့လာနိုင်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိ နေပါတယ်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ပိတ်ဆို့မှုတွေ တနှစ် ဆိုင်းငံ့မယ်လို့ ကြေငြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ ဂျာမနီကို ရောက်လာကြတာ ဖြစ်ပါတယ်။

သူရ ဦးရွှေမန်းနဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဌ တချို့အပြင် ကျားဖြူပါတီက ဒေါ်နန်းဝါနု တို့လည်း ပါဝင်ပါတယ်။

ကိုယ်စားလှယ်တွေဟာ မြူးနစ်မြို့က ဂျာမနီ ဘာဘေးရီးယန်း ပါလီမန်ကို သွားပြီး လေ့လာဖို့ ရှိသလို ဘာလင်မြို့မှာလည်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

''ဒီခရီးစဉ်ကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်မှာ တိုးတက်မှုတွေ ရလာအောင် အထောက်အကူ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်'' လို့ ဒီခရီးစဉ်ကို စီစဉ်တဲ့ ဂျာမနီ အခြေစိုက် Hanns Seidel Foundation ပြောခွင့်ရ ပုဂ္ဂိုလ် ဟူးဘားတပ်စ် ကလင်းစ်ဘူဂယ်က ဘီဘီစီကို ပြောပါတယ်။

''ဟန်း ဆိုက်ဒဲလ် ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝန်း နိုင်ငံ ၆၀ လောက်မှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေ လုပ်နေတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျွန်တော်တို့ လုပ်ကိုင်လာတဲ့ ၃၅ နှစ် အတွေ့ အကြုံတွေက မြန်မာနိုင်ငံကို အထောက် အကူဖြစ်စေမယ်လို့ ထင်ပါတယ်'' လို့ သူက ပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားပြီး ဥရောပ ပါလီမန်ကိုလည်း သွားရောက်ဖို့လည်း ရှိပါတယ်။

ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ နောက်တစ်ဖွဲ့လည်း ရှိသေးပြီး အဲဒီ အဖွဲ့မှာတော့ RNDP ရခိုင်ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်၊ ကျားဖြူပါတီ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း နဲ့ NLD အမတ် ဒေါက်တာ လှမြတ်သွေးတို့လည်း ပါဝင်ပါတယ်။