သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ရှိ

ဓာတ်ပုံ မူပိုင် Getty
Image caption ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း စီးပွားရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ဇွန်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ဖို့ ရှိတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ဦးမင်းလွင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ရာထူးတာဝန် ပြီးဆုံးသွားတဲ့အတွက် မြန်မာနိုင်ငံကို မပြန်ခင် ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလူရာဟမာန်နဲ့ အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ ဦးမင်းလွင်က အခုလို ပြောဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက် လည်ပတ်အပြီးမှာ ဆက်ဆံရေး ပိုကောင်းလာတယ် လို့ ဦးမင်းလွင်က ပြောကြားသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး ကိစ္စရပ်တွေကို အဓိက အလေးပေး ဆွေးနွေးကြမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ သူတို့ အထူး လိုလားနေတဲ့ ကိစ္စရပ်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး မီးရထားလမ်း၊ ကားလမ်း ဖေါက်လုပ် သွယ်တန်းကာ တရုတ်နဲ့ ကုန်သွယ်မှု တိုးချဲ့ရေး ကိစ္စကို အလေးပေး ဆွေးနွေးမယ်လို့ သိရပါတယ်။