ပြည်တွင်းဂျာနယ်တွေမှာ ဒုတိယသမ္မတသတင်း မရေးရ

ဒုတိယသမ္မတ သီဟသူရ ဉီးတင်အောင်မြင့်ဉီး ကျန်းမာရေး မကောင်းလို့ ထမ်းဆောင်ဆဲ တာဝန်တွေကနေ အနားယူနိုင်ဖို့ သမ္မတဆီကို ခွင့်တောင်း တင်ပြလိုက်တဲ့ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ သတင်းတွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ ရေးသားလို့ မရဘူးလို့ ပြည်တွင်း ဂျာနယ်တွေကနေ ဘီဘီစီက စုံစမ်း သိရပါတယ်။

Image caption ဒုတိယသမ္မတ သီဟသူရ ဉီးတင်အောင်မြင့်ဉီး သတင်းကို ဂျာနယ်တွေမှာ မရေးဖို့ ပိတ်ပင်

``ဂျာနယ်တွေ အနေနဲ့ ဒီသတင်းကို မထည့်ရဘူး၊ ပြဿနာ ရှိတယ်။ လူကြီးတွေ ကြိုက်မှာ မဟုတ်ဘူး၊ ထည့်ရင် အရေးယူမယ်`` လို့ စာပေစိစစ်ကို တာဝန်ခံထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဉီးတင့်ဆွေနဲ့ ညွှန်ကြားရေးမှူး ဉီးမျိုးမြင့်မောင်တို့က ထုတ်ဖော် ပြောဆိုခဲ့တဲ့ အကြောင်း ပြည်တွင်းက သတင်းဂျာနယ် တစောင်ဖြစ်တဲ့ Venus သတင်းဂျာနယ်က တာဝန်ခံ အယ်ဒီတာ သာလွန်ဇောင်းထက် က ဘီဘီစီကို ပြောပါတယ်။

စာပေစိစစ်က တာဝန်ရှိသူတွေက အကြောင်းပြချက် ပေးတာမှာတော့ ဒီသတင်းဟာ တရားဝင် ထုတ်ပြန်သေးတာ မဟုတ်ဘူး၊ ရှင်းရှင်းလင်းလင်း သေချာ မသိရသေးဘူး၊ နိုင်ငံရေး ပြဿနာတောင် ဖြစ်သွားနိုင်တယ်လို့ ပြောဆိုတဲ့ အကြောင်း သူက ဆက်ပြောပါတယ်။

တကယ်တော့ ဒီသတင်းဟာ ဗီအိုအေ ရေဒီယို အစီအစဉ် သတင်းကနေ စတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး၊ ဗီအိုအေကို ကိုးကားလို့ ရိုက်တာ သတင်းဌာနက ရေးသားလိုက်တဲ့အခါ ပိုပြီး လူသိများသွားခဲ့ပါတယ်၊ ပြည်တွင်း သတင်း ဂျာနယ်တွေကလည်း သက်ဆိုင်ရာတွေကို တရားဝင် စုံစမ်းမေးမြန်းလို့ မရတဲ့ အဆုံး မူလ စတင် ထုတ်လွှင့် ရေးသားခဲ့တဲ့ သတင်းတွေ အပေါ် အခြေခံပြီး သတင်းရေးတဲ့ အခါမှာလည်း အခုလို ပိတ်ပင် ခံရတာ ဖြစ်ပါတယ်။

ဒုတိယ သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ အနားယူဖို့ သမ္မတဆီ စာတင်ပြတဲ့ သတင်းကို ဘယ်ဂျာနယ်မှာမှ မထည့်ဖို့ကို စာပေစိစစ်ကနေ သတင်းဂျာနယ်တွေ အားလုံးလိုလိုဆီ အသိပေး ပြောဆို ထားတယ်လို့ သိရပြီး၊ ဂျာနယ်တစောင်မှာတော့ ဒီသတင်းကို ဖော်ပြပြီး ဖြစ်တာကြောင့် စာပေစိစစ်ကနေ အရေးယူဆောင်ရွက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။