ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်းအဖြစ် အခုလ ၃ ရက်နေ့ကစလို့ ပြင်ဆင် ဖွဲ့စည်းခဲ့တာမှာ ဗဟိုအဖွဲ့နဲ့ လုပ်ငန်းအဖွဲ့ဆိုပြီး ပါဝင်တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ငြိမ်းချမ်းရေးအဖွဲ့မှာ ကိုယ်တိုင်ပါဝင်လာတဲ့ သမ္မတ ဉီးသိန်းစိန်

ငြိမ်းချမ်းရေး ဗဟိုအဖွဲ့မှာ သမ္မတ ဉီးသိန်းစိန်က ဥက္ကဌအဖြစ် ပါဝင်ပြီး၊ လုပ်ငန်းကော်မတီအဖွဲ့မှာတော့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဌ အဖြစ် ပါဝင်ပါတယ်။ သမ္မတ ဉီးသိန်းစိန်ပါတဲ့ ဗဟိုအဖွဲ့မှာ ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့တွေ အပါအဝင် အဖွဲ့ဝင် ၁၂ ဉီး ပါဝင်ပြီးတော့ ဒေါက်တာ စိုင်းမောက်ခမ်း ပါတဲ့ အဖွဲ့မှာတော့ အဖွဲ့ဝင် ၅၂ ဉီး ပါပါတယ်။

လုပ်ငန်းအဖွဲ့မှာ ဒုတိယ ကာကွယ်ရေး ဉီးစီးချုပ်၊ မီးရထား ပြည်ထောင်စု ဝန်ကြီးနဲ့ လွှတ်တော် အမတ် ဉီးသိန်းဇော်တို့က ဒုတိယ ဥက္ကဌတွေ အနေနဲ့ ပါဝင်ကြပြီး၊ ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ရှိတဲ့ ပြည်နယ်တွေက နယ်မြေခံ စစ်တိုင်းမှူးတွေကလည်း အဖွဲ့ဝင် အနေနဲ့ ပါဝင်ကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လွှတ်တော် အမတ်တွေလည်း ပါဝင်တာကြောင့် ဒီတကြိမ်မှာတော့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ ထင်မြင်တဲ့ အကြောင်း ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ ပါဝင်သူ တဉီးက ဘီဘီစီကို ပြောပါတယ်။