လှိုင်သာယာ ဟိုင်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် photo ThanToeAg
Image caption တိုင်ရီဖိနပ်ချုပ် စက်ရုံမှာလည်း အလုပ်သမားတွေ ဆန္ဒပြခဲ့ဖူးပါတယ်

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ(၃) မှာ ရှိတဲ့ ကိုရီယားပိုင် ဟိုင်မို ဆံပင်တု စက်ရုံမှာ အလုပ်သမား လစာငွေ တိုးပေးမယ် ဆိုပြီး တိုးမပေးတဲ့ အတွက် အလုပ်သမား(၃၀ဝ) ကျော်ဟာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုဖြစ်ပွားချိန်မှာ အလုပ်သမား နှစ်ထောင်လောက် ရှိတဲ့ ဒီစက်ရုံတခါး ပိတ်လိုက်တာကြောင့် အပြင်ထွက် မရဘဲ အပြင်က အလုပ်သမားတွေကသာ ဆန္ဒပြခဲ့ တာဖြစ်ပါတယ်။

အလုပ်သမားရုံး တွေကို အကူအညီတောင်းခံခဲ့ ပေမဲ့၊ အကူအညီမရတဲ့ အတွက် အလုပ်သမား တွေဟာ (၈) မိုင် အလုပ်သမားရုံးအထိ သွားရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

အလုပ်သမားတွေ ရတဲ့လစာငွေဟာ အတော် နည်းလွန်းတာကြောင့် လစာနဲ့ အချိန်ပိုကြေးတွေ တိုးတောင်တာ မရခဲ့ဘူးလို့ အလုပ်သမတဦးက ဘီဘီစီကို ပြောပါတယ်။

ညနေပိုင်းမှာတော့ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားဌာန ညွန်မှူးဦးဝင်းစိန် ရောက်လာ ပြီး ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားတွေကို ပြောဆိုခဲ့ပါတယ်။

ဒီအတွက် စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ မနက်ဖြန် ကြာသပတေးနေ့မှာ တွေ့ဆုံ ညှိနှိုင်း ကြမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာ Grand Royal အရက်ချက် စက်ရုံ အလုပ်သမားတွေ လည်း မြောက်ပိုင်းခရိုင် အလုပ်သမားရုံးက တောင်းဆိုချက်တွေရဖို့ လာမယ့် ၁၄ ရက်နေ့မှာ ညှိနှိုင်းပေးဖို့ ချိန်ဆိုထား တယ်လို့ သိရပါတယ်။