နောက်ဆုံး ရေးသားချိန် 9 မေလ 2012 - 15:58 GMT

NLD ဗဟို အဆင့် ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့

NLD

ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ တွေ့ဆုံ ဆွေးနွေး အပြီး ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟာ ပါတီ ရယ်လို့ စတင် ထူထောင်ခဲ့ပြီး ကတည်းက နှစ်ပေါင်း များစွာ မလုပ်ဆောင်နိုင် ခဲ့တဲ့ ပါတီ ညီလာခံ ကျင်းပ နိုင်ရေး အတွက် ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက် ပါတယ်။

အသစ် ပြန်လည် မှတ်ပုံတင် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ဒီမိုကရေစီ နည်းလမ်း တကျ ဖွဲ့စည်းဖို့ ပါတီ ခေါင်းဆောင်တွေ ရည်ရွယ်ချက် ရှိခဲ့ပေမဲ့ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စ တွေကြောင့် ပါတီ ညီလာခံ ကိစ္စတွေကို ခေတ္တ ဆိုင်းငံ့ ထားခဲ့ ရတယ်လို့ အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ တစ်ယောက် ဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ အုပ်စု အဆင့် ကနေ စပြီး ခရိုင်အဆင့်၊ တိုင်းနဲ့ ပြည်နယ် အဆင့် ကနေ ဗဟို အဆင့် အထိ ပါတီဝင်ထုက ဒီမိုကရေစီ နည်းလမ်း တကျ ရွေးချယ်တဲ့ ခေါင်းဆောင် အဖွဲ့ အစည်းတွေ ဖွဲ့စည်းဖို့ ရှိပြီး အဲဒီ အတွက် ညီလာခံတွေ ကျင်းပ သွားမယ်လို့ လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

အောက်ခြေ အဆင့် ဖြစ်တဲ့ ရပ်ကွက် ကျေးရွာ အဆင့်ညီလာခံတွေကို စတင်ပြုလုပ်ပြီး တဆင့်ချင်း တိုးတက် လုပ်ဆောင်လာရာက နောက်ဆုံးမှာ ဗဟို ညီလာခံ အဆင့်ကို ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဗဟို ညီလာခံ ကျင်းပနိုင်ဖို့ မျှော်မှန်း ထားပြီး နောက်အကျဆုံး ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ပြုလုပ်နိုင်ဖို့လည်း ရည်ရွယ် ထားတယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်မှာ အဖွဲ့ဝင် ၉ ယောက် ပါဝင်ပြီး ဥက္ကဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်း တို့ အပြင် ဦးဟန်သာမြင့်နဲ့ အမျိုး သမီး ခေါင်းဆောင် သုံးယောက် လည်း ပါဝင်တယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။