ဒုသမ္မတ နားခွင့် တောင်းတာ မှန်တယ်လို့ မိသားစုပြော

Burma's Vice President ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာ ဒုတိယ သမ္မတ ကျန်းမာရေးကြောင့် အနားယူမယ် ဆိုတဲ့ သတင်းတွေ ထွက်နေ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ၁ သီဟ သူရ ဦးတင်အောင် မြင့်ဦးဟာ ကျန်းမာရေးအရ တာဝန်ကနေ အနားယူ ခွင့်တောင်း ထားတယ်ဆိုတဲ့ သတင်းဟာ မှန်ကန်တယ်လို့ Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး က ဘီဘီစီကို ပြောပါတယ်။

ဒုတိယ သမ္မတ ၁ သီဟသူရ ဉီးတင်အောင် မြင့်ဉီး တာဝန် ကနေ အနား ယူခွင့် တောင်းထားတယ် ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်ခဲ့ ပေမဲ့ အတည် ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

လောလောဆယ် ရဟန်း ဝတ်နေတဲ့ သီဟသူရ ဦးတင်အောင် မြင့်ဦးဟာ ရဟန်းဘောင်ကို ခေတ္တ မဝင်ရောက်ခင် မေလ ၃ ရက်နေ့က တာဝန်ကနေ အနားယူခွင့် တောင်းတဲ့ စာကို နိုင်ငံတော် သမ္မတ အပါအဝင် တာဝန်ရှိသူ တွေဆီ ပေးပို့ ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူဆီက သိရတယ်လို့ ကိုဝေဖြိုးက ပြောပါတယ်။

ကိုဝေဖြိုးရဲ့ အဆိုအရ ဒုတိယ သမ္မတ အနားယူခွင့် တောင်းတာဟာ ကျန်းမာရေး ကြောင့် သက်သက်သာ ဖြစ်ပြီး တခြား နိုင်ငံရေး အကြောင်း တွေကြောင့် မဟုတ်ဘူး လို့လည်း သိရ ပါတယ်။

ပြည်တွင်း သတင်း ဂျာနယ်တွေမှာ ဒီသတင်း မရေးဖို့လည်း စာပေ စီစစ်ရေးက ပိတ်ပင် သတိ ပေးခဲ့ တာတွေ ရှိခဲ့ ပါတယ်။ ဒါပေမဲ့ သူတို့ ရတဲ့ သတင်းတွေကို အခြေခံပြီး ခိုင်မာတဲ့ အတွက် Eleven Media ရဲ့ ကြာသပတေး နေ့ထုတ် အွန်လိုင်း သတင်း ထဲမှာ ရေးသား တာလို့ အယ်ဒီတာချုပ်က ပြောပါတယ်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင် မြင့်ဦး တကယ်ပဲ ကျန်းမာရေး အရ အနားယူ သွားရင် သူ့နေရာကို ဆက်ခံ လာနိုင်ဖွယ် ရှိသူတွေကို ထင်ကြေးတွေ အမျိုးမျိုး ပေးနေ ကြတဲ့အထဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို စတဲ့သူတွေ ပါတယ်လို့ အဲဒီ သတင်းမှာ ရေးထား ပါတယ်။