မနီလာမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption လူသိပ်မများပေမယ့် ဆန္ဒပြသူတွေက အကြီး အကျယ် အော်ဟစ် ခဲ့ကြပါတယ်

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြား ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ တိုပွားလာနေတဲ့ အချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ လူပေါင်း ၂၀၀ လောက် တရုတ်နိုင်ငံ ကို ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ လူသိပ်မများပေမယ့် ဆန္ဒပြသူ တွေက အကြီးအကျယ် အော်ဟစ် ဆန္ဒပြခဲ့ ကြပါတယ်။

တောင်တရုတ်ပင်လယ်က ကျွန်းစုတွေကို သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေ တလကြာ ဖြစ်ပွားခဲ့စဉ် အတွင်း တရုတ်တို့ဘက်က ကလိန်ကျမှုတွေ လုပ်ခဲ့ တယ်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူ တချို့က ကိုင်ဆောင် ထားကြပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပိုမို ဆိုးဝါးလာနေတာကြောင့် တရုတ်ခရီးသွား အေဂျင်စီတွေဟာ ဖိလစ်ပိုင် ခရီးသွား လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အငြင်းပွားမှု ဖြစ်နေတဲ့ ကျွန်းစုတွေကို ဖိလစ်ပိုင်နိုင်ငံက သူတို့ ပိုင်တယ်လို့ ဆက်လက် ပြောဆိုနေမယ် ဆိုရင်တော့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေရှိတယ်လို့ တရုတ် နိုင်ငံပိုင် မီဒီယာကနေ သတိပေး ပြောဆိုထားပါတယ်။