နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ သမ္မတ ပြော

မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုတွေ ကို ထိထိ ရောက်ရောက် ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောဆို လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် myanmar
Image caption သမ္မတက လွှတ်တော် အဖွင့် မိန့်ခွန်းမှာ ပြောခဲ့တဲ့ အတိုင်း လက်တွေ့ လုပ်ဖို့ ထပ် သတိပေး

သောကြာနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက ဝန်ကြီးချုပ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ တွေက ဥက္ကဌတွေ တက်ရောက်တဲ့ အထူး အစည်း အဝေးမှာ သမ္မတက အခုလို ပြောခဲ့တာပါ။

ဒီလို ပြောဆိုမှုဟာ ဦးသိန်းစိန် အနေနဲ့ သမ္မတ ရာထူးလက်ခံ ရယူခဲ့စဉ် လွှတ်တော်မှာ ပြောခဲ့တဲ့ မိန့်ခွန်း အတိုင်း သန့်ရှင်းတဲ့ အစိုးရ၊ ပွင့်လင်း မြင်သာတဲ့ အစိုးရ ဖြစ်ရေး အတွက် လက်တွေ့ လုပ်ဆောင်ကြဖို့ ထပ်မံ သတိ ပေးလိုက်တဲ့ သဘောပဲလို့ မြန်မာ့ ဓန စီးပွားရေး မဂ္ဂဇင်းနဲ့ Open News ဂျာနယ် တို့ရဲ့ အယ်တီတာချုပ် ဖြစ်တဲ့ ဦးသီဟစောက ပြောပါတယ်။

လောလောဆယ်မှာ သမ္မတ ကသာ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ဖို့ အဂတိ လိုက်စားမှု ကင်းတဲ့ အစိုးရ ဖြစ်ဖို့ ပြောနေ ပေမဲ့ အောက်ခြေ မှာတော့ လိုက်နာ ဆောင်ရွက်တာ မရှိသေးတဲ့ အတွက် ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရတွေကို ဖိဖိစီးစီး လုပ်ကြဖို့ ခေါ်ယူ သတိပေးတာ ဖြစ်တယ်လို့ ထင်မြင် ယူဆကြောင်း လည်း ဦးသီဟစောက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်တဲ့ နေရာမှာ လူတစ်စု မျက်နှာကို မကြည့်ဘဲ ပြည်သူအများ ပူးပေါင်း ဆောင်ရွက် လာနိုင်ဖို့ ရင်းနှီး မြှုပ်နှံမှု တွေကို အဂတိ တရား ကင်းအောင် လုပ်ဆောင်မှ နိုင်ငံတကာနဲ့ ယှဉ်နိုင် မယ်လို့ လည်း သမ္မတက သူ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ဒါဟာ အခွင့်ထူးခံ လူတစ်စုထဲရဲ့ မျက်နှာကို သာ မကြည့်ဘဲ ပြည်သူ အများရဲ့ ဆန္ဒ တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ မှာကြားလိုတဲ့ သဘော ဖြစ်တယ်လို့ ဦးသီဟစောက သုံးသပ် ပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ အဂတိ လိုက်စားမှုတွေ မတရားမှု တွေကို ကိုင်တွယ် ဖြေရှင်းနေတဲ့ လက္ခဏာတွေ တော့ မတွေ့ရသေးဘူး အဲဒီလို ကိစ္စတွေ လုပ်တာ တွေ့ရတယ် ဆိုရင် လည်း ဘယ်လို အရေးယူမယ်၊ ဘယ်ကို တိုင်ကြားရမယ် စသဖြင့် လုပ်ဆောင်ဖို့ သတိပေးတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။