တမူးမြို့တွီဗန်ရွာ လုံခြုံရေး အချင်းချင်း ပစ်ခတ်

  • 12 မေ 2012

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်တဲ့ တမူး-ကလေး လမ်းပေါ်မှာရှိတဲ့ ခမ်းပတ် စစ်ကြောရေး ဂိတ်နားက တွီဗန်ရွာမှာ လုံခြုံရေး ယူထားတဲ့ ဖလမ်း အခြေစိုက် ခမရ(၂၆၆) တပ်ရင်းက တပ်သား ၂ ယောက် ကနေ ဗိုလ်ရာဇာထွေးနဲ့ တပ်သား ၃ ယောက်ကို မေလ ၁၀ရက်နေ့ ကြာသပတေးညက ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။

ဖြစ်စဉ် အကြောင်းရင်းမှာ ဘိန်းမည်း တပိဿာနီးပါးလောက် ဖမ်းဆီးရတာကို အရာရှိက သိမ်းထားရာမှာ၊ ကျန်တဲ့ ရဲဘော်တွေက သူတို့ကို ဝေစုမပေးဘူး လို့မှတ်ယူပြီး အဲဒီအရာရှိ အိမ်သာတက်နေတဲ့ အချိန်မှာ ပစ်သတ်ပြီး၊ အိပ်နေတဲ့ ကျန် ၃ ယောက်ကိုပါ ပစ်သတ် သွားခဲ့တာပါ။

ဒေသခံတွေ အပြောအရ ဗိုလ်ရာဇာထွေးနဲ့ အတူ သေဆုံးသွားတဲ့ နောက် ၃ ယောက်က ဒုတပ်ကြပ် ထွန်းထွန်း၊ တပ်သား ဇော်ဇော်လွင်နဲ့ တပ်သား ဝင်းကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပစ်ခတ်ခဲ့တဲ့ တပ်သား၂ ယောက်ဟာ သေနတ် လေးလက်နဲ့ အတူ ကျည်ဆံထည့်တဲ့ မဂ္ဂဇင်းတွေပါ ယူပြီး အိန္ဒိယ ဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။

ဘီဘီစီက အခင်းဖြစ်ပွားတဲ့ တပ်ရင်းကို ဆက်သွယ် ကြည့်တော့ ဖြစ်စဉ် မှန်ကန်ကြောင်း လောက်ပဲ ပြောပြီး အသေးစိတ် မေးမြန်းလို့ မရခဲ့ပါဘူး။

တခြား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို မေးကြည့်တော့လည်း ပြောခွင့်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ ပစ်ခတ်သွားပြီး အိန္ဒိယဘက်ကို ပြေးသွားတယ်ဆိုတဲ့ ရဲဘော် ၂ ယောက် နာမည်တော့ စုံစမ်းလို့ မရသေးပါဘူး။

ခုလတ်တလောမှာတော့ မြန်မာစစ်တပ်ဘက်က အိန္ဒိယစစ်တပ်ကို အကူအညီ တောင်းထား တာကြာင့် အိန္ဒိယစစ်တပ် ဘက်ကလည်း ကူပြီး ရှာပေးနေတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ လက်နက်ကိုင် ခွဲထွက်ရေး သူပုန်တွေ အချင်းချင်း ပစ်ခတ်တာမျိုး ပဲ ရှိခဲ့ပေမယ့် ခုလို လူသိရှင်ကြား မြန်မာစစ်သား အချင်းချင်း ပစ်ခတ်တာဟာ ပထမဆုံး အကြိမ်လို့ သိရပါတယ်။