၈၈ မျိုးဆက် ကိုကိုကြီး ပါ့စ်ပို့ မကျသေး

_kokogyi ဓာတ်ပုံ မူပိုင် AFP
Image caption ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး

မြန်မာနိုင်ငံမှာ နိုင်ငံသား တဉီး နိုင်ငံကူး ပါ့စ်ပို့ လျှောက်ထားလိုရင် သီတင်းနှစ်ပတ်၊ သုံးပတ် အတွင်း ရပါစေမယ် လို့ တရားဝင် ကြေညာ ထားပေမယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဉီး ဖြစ်တဲ့ ကိုကိုကြီး က သုံးလ နီးပါး ပါ့စ်ပို့ မကျသေးလို့ သူကိုယ်တိုင် မြန်မာ နိုင်ငံသား မှ ဖြစ်ပါသေးရဲ့လား လို့ စောကြောမိပုံ ကို ဘီဘီစီ ကို ပြောပါပါတယ်။

ဒါမှ မဟုတ်ရင် နိုင်ငံရေး ကြောင့် အကျဉ်းကျ ခဲ့တဲ့ ကျောင်းသား နိုင်ငံရေး သမား ထောင်ထွက် တွေကို နိုင်ငံသား အဖြစ် မသတ်မှတ်ဘူး၊ ဒုတိယ တန်းစား နိုင်ငံသား အဖြစ် ခွဲခြား သတ်မှတ် ခံရတယ် လို့ ခံစားမိပုံ ဘီဘီစီ ကိုရှင်းပြ ပါတယ်။

လျှောက်လွှာတင်စဉ် ကလည်း စာတစောင် သပ်သပ်ရေးတင်ဖို့၊ ထောင်ထွက် လက်မှတ် ကို မိတ္တူ ကူးတင်ဖို့၊ သာမန် နိုင်ငံသားထက် အပိုဆောင်း လုပ်ခဲ့ပေးရပုံ၊ ဒီ အခါမှာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် အတွင်း ထောင်ကျခဲ့ရတဲ့ အဖြစ် အပျက် အသေးစိတ် ရေးတင်ခဲ့ရပုံ လည်း ပြောပါတယ်။

သူတဉီးတည်းတင် မကပဲ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ် တွေလည်း ခေါင်းဆောင်ပိုင်း တွေ မလွတ်ခင် က ပါ့စ်ပို့ လျှောက်ထား ကြပေမယ့် မရကြသေးတဲ့ အတွက်၊ တနှစ်ဆိုင်းငံ့ ထားတယ်ဆိုတဲ့ သတင်းထွက်ပုံ ကို ကိုကိုကြီး က ပြောပါတယ်။

ပြည်တွင်းမှာလည်း ပညာသင်ခွင့် မပေး၊ ပြည်ပ က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကို သင်တန်းတွေပေးဖို့ ကမ်းလှမ်းတာကိုလည်း ပိတ်ပင်နေလို့ ထောင်ထွက် အကျဉ်းသား တွေဟာ အသက်အရွယ် နဲ့ မမျှအောင် နှစ်ရှည် ထောင်ဒဏ် ကျခံပြီးတဲ့တိုင် ဖိနှိပ် ပိတ်ပင်မှု ဟာ ဆိုရင် လူမဆန်တဲ့ လူသားပြစ်မှု ကို ထပ်ပြီး ကျူးလွန်တယ် လို့ မြင်တဲ့ အကြောင်း ကိုကိုကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။