RCSS/SSA နဲ့ အစိုးရစစ်တပ် အကြား ပစ်ခတ်မှုတွေဖြစ်

ဓာတ်ပုံ မူပိုင် SSA
Image caption RCSS/SSA တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ်အကြား နှစ်ရက် ဆက်တိုက် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ဟာ လာမယ့် ရက်ပိုင်း အတွင်း၊ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ထပ်မံ တွေ့ဆုံဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ အစိုးရ စစ်တပ်နဲ့ ပစ်ခတ်မှုတွေ ဆက်ပြီး ဖြစ်ပွား နေဆဲလို့ သိရပါတယ်။

RCSS/SSA တပ်ဖွဲ့ဟာ အစိုးရ စစ်တပ်နဲ့ ပြီးခဲ့တဲ့ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်။ အစိုးရ စစ်တပ်ဘက်က အင်အား ရာနဲ့ချီပြီး ရှိတာကြောင့် တိုက်ပွဲတွေက ပြင်းထန်ပြီး အနည်းဆုံး တစ်နာရီကျော်ကြာ ပစ်ခတ်ကြရတယ်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ ဆက်လက် ပစ်ခတ်မှုတွေ ဖြစ်ပွားနေရတာဟာ အစိုးရစစ်တပ် ဘက်က SSA တပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ တပ်စခန်းဘက်ကို ကြိုတင် အကြောင်းမကြားဘဲ၊ ကျူးကျော် ဝင်ရောက် လာလို့ ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆက်ပြော ပါတယ်။

တိုက်ပွဲမှာ RCSS/ SSA ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးသလို အစိုးရစစ်တပ် ဘက်က အသေအပျောက် စာရင်းကိုလဲ မသိရဘူးလို့ ဆိုပါတယ်။

SSA တပ်ဖွဲ့ဟာ လာမယ့် ၁၉ ရက်နေ့မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံတွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။

RCSS/SSA ဟာ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်တိုင်း၊ ပစ်ခတ်မှု တွေ ဆက်လက် ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် အခါခါ တင်ပြခဲ့ပေမယ့်လည်း တိုက်ပွဲက ဖြစ်ပွားမြဲ ဖြစ်ပွားနေတာကြောင့် အခု ထပ်မံတွေ့ဆုံတဲ့အခါ RCSS အနေနဲ့ တိုက်ပွဲကိစ္စနဲ့ ပက်သက်ပြီး ဆက်လက် တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အခုတခါ တင်ပြပြီးလို့ တိုက်ပွဲတွေက အရင်အတိုင်းပဲ ဆက်လက် ဖြစ်ပွားနေရင်တော့ RCSS အနေနဲ့ အစိုးရနဲ့ ပြုလုပ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

လာမယ့်တွေ့ဆုံပွဲမှာ တိုက်ပွဲဖြစ်ပွားမှုအပြင်၊ နှစ်ဖက် သဘောတူညီထားတဲ့ နယ်မြေသတ်မှတ် ရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့နဲ့ အစိုးရနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ စတာတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအတွက် SSA ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ကို ဗိုလ်မှူးချုပ် ပေါင်ခေးက ဦးဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RCSS/SSA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူတဲ့အချိန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းကစလို့၊ အခုချိန်ထိ အစိုးရ စစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲပေါင်း ၂၀ နီးပါး လောက် ရှိခဲ့တယ်လို့ သိရပါတယ်။