ကချင်မှာ ထိုးစစ်တွေ ရပ်ဖို့ UNFC တောင်းဆို

  • 13 မေ 2012
ဓာတ်ပုံ မူပိုင် unfc
Image caption UNFCကို တိုင်းရင်းသား လက်နက်ကိုင် ၆ဖွဲ့နဲ့ ဖွဲ့စည်းထား

ကချင်ဒေသမှာ KIA ကချင် လွတ်လပ်ရေး တပ်မတော် ကို အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို လာမယ့် June လ ၁၀ရက်နေ့ မတိုင်ခင် ရပ်တန့်ပေးဖို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အထူးအစည်းအဝေး တရပ်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဲဒီလို မရပ်တန့်ဘူးဆိုရင် အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ အပစ်ရပ်စဲရေး သဘောတူချက်တွေကို ပြန်လည် သုံးသပ်သွားမယ်လို့ မေလ ၁၀ရက်နေ့မှာ ထုတ်ပြန်တဲ့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အစိုးရဘက်က ဒီလို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို မရပ်တန့်ဘူး ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေနဲ့ ပတ်သက်လို့ စောင့်ကြည့် သုံးသပ်ကြဖို့ ကိုလည်း UNFC က တိုက်တွန်းထားပါတယ်။

တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ အပစ်ရပ်ရေး သဘောတူနိုင်ခဲ့ ပေမယ့် KIO နဲ့ သဘောတူချက် မရသေးတာဟာ နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရဘက်က အာမခံမှ အပစ်ရပ်ဖို့ KIOက လိုလားနေချိန်မှာ အစိုးရဘက်ကတော့ နိုင်ငံရေး ဆွေးနွေးရေး ကို ကတိပေးခြင်း မရှိပဲ ယာယီ အပစ်ရပ်ရေးကိုပဲ တစိုက်မတ်မတ် တောင်းဆိုနေတာကြောင့် ဖြစ်တယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

တချိန်ထဲမှာပဲ အပစ်ရပ်ရေး လက်မှတ်မထိုးခင် ကချင်ဒေသက နယ်မြေ အတော်များများကို အစိုးရတပ်တွေရဲ့ လက်အောက်မှာထားနိုင်ဖို့ အခုလို အကြီးအကျယ် ထိုးစစ်ဆင်နေတာလို့ သူ့အနေနဲ့ ယူဆတယ်လို့လည်း ပြောပါတယ်။

KIO အနေနဲ့ အစိုးရနဲ့ အခုလို သီးခြား ဆွေးနွေးနေတာ အဆင်မပြေရင် UNFC နဲ့ တပေါင်း တစည်းထဲ ပါဝင် ဆွေးနွေးဖို့ UNFC က ဖိတ်ခေါ်ထားကြောင်းနဲ့ ဒီကိစ္စကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်းကို အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။