အီးယူ မြန်မာ လွှတ်တော် တိုးတက်ရေး ကူမယ်

eu
Image caption မြန်မာ လွှတ်တော် အဖွဲ့ ဘရပ်ဆဲ ရောက်

မြန်မာ နိုင်ငံ စီးပွား လူမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဥရောပ သမဂ္ဂ အနေနဲ့ တတ်နိုင်သရွေ့ ကူညီမယ်လို့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဘရပ်ဆဲမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံစဉ်မှာ ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံ အပေါ် လက်နက် ရောင်းမှုက လွဲရင် ကျန်တဲ့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားချိန်မှာ ဥရောပ သမဂ္ဂ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရည်အချင်း တိုးမြင့်အောင် ကူချင်လို့ ဖိတ်တာလို့ အက်ရှ်တန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး ရေရှည်ခံ ငြိမ်းချမ်းရေး ရဖို့ ဥရောပ သမဂ္ဂ က ကူချင်တယ် လို့လည်း ဆိုပါတယ်။

ရန်ကုန်မှာ ရုံးခွဲ ဖွင့်ထားတဲ့အတွက် အဲဒိကနေ မြန်မာ နဲ့ ဆက်ဆံရေး စာမျက်နှာသစ်တွေ ဖွင့်သွားချင် တယ်လို့ ပြောဆို ခဲ့ပါတယ်။

ဦးရွှေမန်းခေါင်းဆောင်တဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ ဥရောပ ပါလီမန် ရှိရာ ဘရပ်ဆဲမြို့ကို လေ့လာရေး ရောက်ရှိ နေတာပါ။