အိချ်အိုင်ဗွီပိုး ကူးစက်နေသူတွေကို ကူညီရေး သဘောတူ

  • 15 မေ 2012
ဓာတ်ပုံ မူပိုင် umfcci
Image caption မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ ပထမဆုံး လူမှုရေး သဘောတူညီချက် တခုဖြစ်

အိချ်အိုင်ဗွီပိုး ကူးစက်နေသူတွေကို ကူညီ စောင့်ရှောက်ရေး အတွက် လုပ်ငန်ရှင် ၇ဝ ကျော်က သဘောတူ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့က UMFCCI ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် မှာ ဘောတူ လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဒီလက်မှတ်ရေးထိုး ပွဲဟာ မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ ပထမဆုံး လူမှုရေး သဘောတူညီချက် တခုလည်း ဖြစ်ပါ တယ်။

ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်မှု လုပ်ငန်း၊ အပ်ချုပ် လုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်း၊ ဟော်တယ်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေ အပါအဝင် လုပ်ငန်းပေါင်းများစွာက လုပ်ငန်းရှင်ကြီးတွေ လာရောက်ပြီး ဒီသဘောတူ ညီချက်မှာ လက်မှတ်ရေးထိုးကြကြောင်းကို UMFCCI လုပ်ငန်းခွင် လူမှုရေး တာဝန်သိမှု ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

လုပ်ငန်းခွင်မှာ အိချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို ခွဲခြားဆက်ဆံခြင်းမလုပ်ဘဲ၊ ကူညီစောင့်ရှောင့်မှုတွေ ပေးရမယ်ဆိုတဲ့ အချက်လည်း ဒီသဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

တချို့လုပ်ငန်းတွေမှာ ဆိုရင် အိချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူတွေ ရှိပေမယ်လို့ သူတို့ကို ခွဲခြားဆက်ဆံခြင်း မလုပ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ သူတို့ကို အလုပ် ထုတ်ပစ်လိုက်တာမျိုးလည်း မလုပ်ဘူးလို့ သူက ဆက်ရှင်းပြပါတယ်။

အဲဒီလို အလုပ်သမားတွေကို ဆေးကုသခွင့်လည်းပေးမှာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး၊ ရန်ပုံငွေတရပ် ထူထောင် ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။