အင်းလေလံကိစ္စမကျေနပ်လို့ ဆန္ဒပြ

  • 15 မေ 2012
အင်းရေပြင်ရှုခင်း
Image caption အင်းရေပြင်ရှုခင်း

ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုက အင်းသူအင်းသား ၁၅၀လောက်ဟာ ရှားခဲအင်းကို လေလံဆွဲဖို့ ကိစ္စမှာ လေလံပစ်မယ့်ရက်ကို အချိန်ကပ်ပြီးမှ ပြောတာနဲ့ ကြမ်းခင်း ဈေးကလည်း သူတို့လက်လှမ်းမမှီတဲ့ ဈေးဖွင့်တာကြောင့် ပြင်ဆင်ချိန်မရတဲ့အတွက် မကျေနပ်လို့ တနင်္လာမနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်မှာရှိတဲ့ ရှားခဲရွာက ရှားခဲကြီးရှားခဲလေးအင်းကို တနင်္လာနေ့က လေလံပစ်ဖို့အတွက် ဒေသခံအင်းတောင်သူတွေကို သောကြာနေ့ညနေကမှ အချိန်ကပ်ပြီး အကြောင်းကြားလို့ ပြင်ဆင်ချိန်မရှိတာရယ် ကြမ်းခင်းဈေးတင် သိန်း၃၆၀ဖွင့်ထားတာကြောင့် ဒေသခံလုပ်ငန်းရှင်တွေ မတတ်နိုင်တဲ့ ဈေးဖွင့်ရမလား ဆိုပြီးတော့ လုပ်ငန်းရှင် ၁၅၀ကျော်စုဝေး ပြီးဆန္ဒပြခဲ့ကြတာပါ။ ကျောင်းစုရွာနဲ့ ရှားခဲရွာသားတွေ ရှားခဲရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ချီတက်ဆန္ဒပြတာကြောင့် နယ်မြေခံ စစ်တပ်နဲ့ရဲတွေ လက်နက်အပြည့်အစုံနဲ့ လူစုခွဲခဲ့တဲ့အကြောင်း ဆန္ဒပြတဲ့ထဲပါတဲ့ အင်းတောင်သူ ကိုကျော်ကြီးက ဘီဘီစီကို ပြောပြပါတယ်။ ဒီ ရှာခဲကြီးရှာခဲလေးအင်းကို ၂၀၀၇ တုန်းက လေလံပစ်တာမှာ ကြမ်းခင်းဈေး ၁၅သိန်းလောက်ရှိပြီး နောက်ပိုင်းမှာ ငွေကြေးတတ်နိုင်သူလုပ်ငန်းရှင်နဲ့အာဏာပိုင်ညှိပြီး လက်သိပ်ထိုးလေလံပေးခဲ့တာကြာပြီလို့ပြောပါတယ်။ ဒီနှစ်မှာမှ ဒေသခံအင်းတောင်သူတွေ လေလံမဆွဲနိုင်အောင် ကြမ်းခင်းဈေးကို အဆမတန်မြှင့်ပြီး လေလံခေါ်ယူတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ် ငါးလုပ်ငန်းဦးစီးမှူး ဦးကျော်မင်းကတော့ ကြမ်းခင်းစျေးဟာ ပေါက်စျေးအတိုင်းဖြစ်တယ် လောလောဆယ် ပြဿနာဖြစ်နေလို့ လေလံကိုရပ်ထားမယ်လို့ပြောပါတယ်။ ခုလေလံပစ်မယ့် ရှားခဲကြီး ရှာခဲလေးအင်းဟာ အလျား၁၃မိုင်ရှိပြီး အနံ ၅မိုင်လောက်ကျယ်၀န်းတယ်လို့ သိရပါတယ်။ ဒေသခံ အင်းတောင်သူတွေကတော့ သူတို့ကျေနပ်လောက်တဲ့ အများတတ်နိုင်တဲ့ဈေးကို ချမပေးမချင်း တောင်းဆိုမှုတွေဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ အာဏာပိုင်ဘက်ကတော့ အားလုံးပြေလည်သွားအောင် ညှိနိုင်းဆောင်ရွက်ပေးမယ့်အနေအထားထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။