မစ္စတာလီမြောင်ဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရင် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို မထိခိုက်စေဖို့ ဒေါ်စုပြော

နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား သမ္မတအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ လီမြောင်ဘက်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့က ဆီဒိုးနား ဟိုတယ်မှာ မေ ၁၅ ရက် က တွေ့ဆုံခဲ့ပြီး ပညာရေးနဲ့ ဒီမိုကရေစီရေး အကြောင်းတွေ ဆွေးနွေးခဲ့ ပါတယ်။

မနေ့က နေပြည်တော်မှာ သမ္မတ ဉီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ လီမြောင်ဘက်ဟာ သူ့ခရီးစဉ် တရားဝင် ပြီးဆုံးခဲ့ပြီလို့ ပြောဆိုပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်လို့ဆိုပြီး ရန်ကုန်ကို လာလို့ ၄၅ မိနစ်ကြာ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အရင်ခေတ် ပညာရေး စနစ်ဟာ အဆင့် မြင့်မား ခဲ့ပေမယ့်လို့ အခုခေတ်မှာတော့ အလွန် ညံ့ဖျင်းနေတယ်၊ သူ့ရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ ကော့မှူး မြို့နယ်မှာဆိုရင် ဘွဲ့ရ အလုပ်လက်မဲ့တွေ များနေတဲ့အကြောင်း သမ္မတ လီမြောက်ဘတ်ကို ပြောခဲ့တယ်လို့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှိနေခဲ့တဲ့ ရှေ့နေ ဉီးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တောင်ကိုရီးယားက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တဲ့ အခါမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ လုပ်ကိုင်ကြဖို့ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ထောက်ပြ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သမ္မတ လီမြောက်ဘတ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ လုံခြုံရေးကို အလွန်တင်းကျပ်စွာ ယူထားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆီဒိုးနား ဟိုတယ်တွင်း တွေ့ဆုံစဉ်မှာတောင် အူဇီ လက်နက်ကိုင် ထားတဲ့ လုံခြုံရေး ဝန်ထမ်း ခြောက်ဉီးက စောင့်ကြပ်နေတယ်လို့ သတင်းထောက် တဉီးက ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးတွေဟာ အရပ်အမောင်းမြင့်မားကြပြီး တကယ့်ကို တိုက်ခိုက်ရေး တပ်သားကြီးတွေ အသွင်ကိုလည်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ မြန်မာ့ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဆီဒိုနား ဟိုတယ်နားမှာ နှစ်ရက်လောက် ကြိုတင်ပြီး လုံခြုံရေး ယူပေးထားတယ်လို့ သိရပါတယ်။

တွေ့ဆုံကြပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ မြန်မာ့လက်ရှိ နိုင်ငံရေးနဲ့ အနာဂတ် အခြေအနေတွေကို သဘောပေါက်သွားတယ်လို့ သမ္မတ လီမြောင်ဘတ်က ထုတ်ပြောပါတယ်။

တောင်ကိုရီးယားဟာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံနဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံအဖြစ် တပြိုင်နက် ဖြစ်ထွန်းလာသလို မြန်မာကလည်း အလားတူ ဖြစ်လာမယ်လို့ သူယုံကြည်တယ်လို့ သမ္မတ လီမြောင်ဘက်က ဆက် ပြောခဲ့ပါတယ်။

မြန်မာတွေဟာ တောင်ကိုရီးယား ပြည်သူတွေလိုပဲ တရားမျှတမှုနဲ့ လွတ်လပ်မှုကို လိုလား တယ်၊ နှစ်ခုလုံးကို အပြည့်အဝ လိုချင်တာ ဖြစ်ပြီး တခုမဟုတ် တခုကို လိုချင်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပွဲမှာ ပြောပါတယ်။

၁၉၈၃ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်း မြန်မာပြည်ကို လာလည်တုန်း ရန်ကုန်မြို့ အာဇာနည်ကုန်းက ဗုံးခွဲ လုပ်ကြံခံရလို့ အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့ပေမယ့် တောင်ကိုရီးယား ၁၇ ဉီး အပါအဝင် လူ ၂၁ ဉီး သေဆုံးခဲ့ပေမယ့်လို့ ဒီကနေ့မှာတော့ သမ္မတ လီမြောင်ဘတ်ဟာ လုံခြုံရေးတွေ ထူထပ်စွာ ချပြီး သွားရောက် ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။