စိုင်းနော်ခမ်း နောက်လိုက်တွေ လက်နက်ချ

  • 16 မေ 2012
golden triangle ဓာတ်ပုံ မူပိုင် burmese
Image caption ရွှေတြိဂံ ပတ်လည် ၄ နိုင်ငံလုံးက အလိုရှိ နေကြ

ရှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံ နယ်မြေက မူးယစ်ဆေးနဲ့ နာမည်ကျော်တဲ့ ပြည်သူ့စစ် ခေါင်းဆောင် စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် တချို့ မနေ့မနက်က တာချီလိတ် အာဏာပိုင်တွေဆီ လက်နက်ချခဲ့ပါတယ်။

အဖွဲ့ဝင် ၂၅ ယောက် ဟာ မနက် ၈ နာရီ လောက်မှာ လက်နက် ခဲယမ်းနဲ့ အစိုးရ ခြေမြန် တပ်ရင်း ၃၅၉ ရိပ်သာ မှာ လက်နက်အပ် ခဲ့ပါတယ်။

စိုင်းနော်ခမ်းဟာ မဲခေါင်မြစ်တွင်း သွားလာနေတဲ့ သင်္ဘောတွေ စက်လှေတွေကို ဆက်ကြေး ကောက်တာ၊ ပစ်ခတ် တိုက်ခိုက်တာ ၊ မူးယစ်ဆေး မှောင်ခို ကူးတာ တွေကြောင့် ရွှေတြိဂံ ပတ်လည်က မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ် ၄ နိုင်ငံလုံးက အလိုရှိ နေပြီး ဧပြီလ ကုန်ပိုင်းကမှ လာအို နယ်စပ်မှာ လာအို အာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး တရုတ်ဘက် လွှဲပေး ခဲ့ပါတယ်။

ရှမ်း သံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းကတော့ စိုင်းနော်ခမ်းကို ဖမ်းမိ ပေမယ့်လည်း သူ့လို မူးယစ်ဆေး ဂိုဏ်းတွေ မှောင်ခို ကိစ္စတွေ ထပ်ပေါ် မလာဘူး ပြောလို့မရဘူးလို့ ဆိုပါတယ်။

စိုင်းနော်ခမ်း ကိုယ်တိုင်ကလည်း ၁၉၉၆ ခုနှစ်က MTA မိန်တိုင်းအာမီတပ် ခေါင်းဆောင် ခွန်ဆာ နဲ့ လက်နက်ချခဲ့ပြီး တာချီလိတ် ပြည်သူ့စစ်အဖွဲ့အသွင် လှုပ်ရှား နေခဲ့တဲ့ သူပါ။