ကေအန်ယူ ဆက်ဆံရေးရုံးကို ဦးအောင်မင်း ဖွင့်လှစ်ပေး

  • 15 မေ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေးအရ ဆက်သွယ်နိုင်ဖို့ အတွက် အရေးကြီး လို့ ဝန်ကြီး ကိုယ်တိုင် ဖွင့်လှစ်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က မီးရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အတွက် ဆက်ဆံရေးရုံး တခုကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမှာ လာရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းကိုလည်း ပြန်လည် ပြုပြင်ဖို့ အစိုးရက ရည်ရွယ်ထားတာလည်း ရှိပါတယ်။

ဒါကြောင့်မို့ လုံခြုံရေးအရ ဆက်သွယ်နိုင်ဖို့ အတွက် ဒီရုံးဟာ အရေးကြီးတာကြောင့် သူကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးတာလို့ မီးရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ဒီဆက်ဆံရေးရုံး ဖွင့်ပွဲကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့လည်း တက်ရောက်ခဲ့ပါတယ်။

ကေအန်ယူဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်ပြီး တက်ရောက် ခဲ့ပါတယ်။ ကေအန်ယူက သူတို့အနေနဲ့ တပ်နေရာချထားရေး အစီအစဉ်တွေ မလုပ်နိုင် သေးတဲ့ အတွက် ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။

ဒီဆက်ဆံရေးရုံးဟာ ကေအန်ယူရဲ့ တတိယမြောက် ဆက်ဆံရေးရုံးဖြစ်သလို ဒီနေရာဟာ ကေအန်ယူ တပ်မဟာ ၆ နဲ့ ဆက်သွယ်ရ လွယ်ကူတဲ့ အဓိက နေရာတခုလည်း ဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ ၄ အတွက်တော့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး၊ တပ်မဟာ ၃ အတွက်တော့ ပဲခူးတိုင်း ကျောက်ကြီးဘက်မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါ တယ်။