အမေရိကန်ပြည်သူတွေက ရုတ်သိမ်းမယ်ဆို မကန့်ကွက်

  • 16 မေ 2012

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ ဒဏ်ခပ်ပိတ်ဆို့ အရေးယူမှုတွေကို ဥရောပနည်းတူ ဆိုင်းငံ့လိုက်ဖို့ တိုက်တွန်း ပြောကြားပြီးနောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူ ပြောကြားလိုက်ပေမယ့်လို့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန်လှည့်ဖို့ အနေအထားမှာ ရှိနေသေးတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လွှတ်တော်ထဲ တရားဝင်ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် တက်ရောက်ပြောကြားတဲ့ ဝါရှင်တန်က နိုင်ငံခြား ဆက်ဆံရေး ကောင်စီ အခမ်းအနားကို စကိုက်ပ်ကနေ အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်သူတွေက ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သင့်ပြီလို့ ထင်တယ်ဆိုရင် သူ့အနေနဲ့ ဆန့်ကျင်ဖို့ မရှိတဲ့အကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အိတ်ချ် အာရ် ဒဗလျူ ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို မထိခိုက်မယ့် ရင်းနှီမြှုပ်နှံမှု အသစ်တွေ ခွင့်ပြုနိုင်မယ့် စည်းမျဉ်း စည်းကမ်းသစ်တွေ လုပ်နိုင်မှ ပိတ်ဆို့မှုတွေကို လုပ်သင့်တယ်၊ အလျဉ်မလိုသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။