အလုပ်သမား အခွင့် အရေး တောင်းဆို မှုတွေ ဆက်တိုက် ဖြစ်နေ

  • 16 မေ 2012
Burmese Workers Strike
Image caption စက်မှုဇုံ အလုပ် သမားတွေ အခွင့် အရေး တောင်းဆိုမှု တွေ ဆက်တိုက်ဖြစ်

မေလဆန်းပိုင်း ကတည်းက စက်မှုဇုံ အလုပ်သမား တွေ လခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်တိုက် ဖြစ်နေ ရာမှာ ဗုဒ္ဓဟူးနေ့ ကလည်း အထည်ချုပ် စက်ရုံ(၃)ရုံက အ လုပ်သမားတွေ ဆန္ဒ ပြခဲ့ကြ ပါတယ်။

လှိုင်သာယာ စက်မှုဇုံက အထည်ချုပ် စက်ရုံတွေ ဖြစ်တဲ့ စပါယ်ပွင့်နဲ့ ပုလဲ စက်ရုံတို့က အလုပ်သမား ၁၅၀၀ နီးပါးဟာ အလုပ်ရှင်နဲ့ ညှိနှိုင်း ဆွေးနွေးပေမဲ့ မပြေလည်တာကြောင့် ကားငှားပြီး ခရိုင် အလုပ်သမားရုံး ရှိရာ မရမ်းကုန်း ကိုသွားရောက် တိုင်ကြားခဲ့ ကြ ပေမဲ့ အလုပ် သမားရုံး တာဝန်ရှိသူတွေက ဖြေရှင်း မပေးနိုင်တဲ့ အကြောင်းနဲ့ အလုပ်ရုံကို ပြန်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ သာ ပြောလိုက်တဲ့ အကြောင်း အလုပ်သမား ခေါင်းဆောင်က ဘီဘီစီကို ပြော ပါတယ်။

သူတို့လို အလုပ် သမားတွေ အတွက် စက်ရုံ တွေမှာ ပုံသေ ခံစားခွင့် လစာရယ်လို့ မရှိဘဲ ပေးသလောက်သာ ရကြ တာကြောင့် နစ်နာလွန်းတဲ့ အတွက် တောင်းဆို တာလို့ ဆိုပါတယ်။

အလုပ်သမား အဖွဲ့တွေသာ ဖွဲ့စည်းထားပေမဲ့ အလုပ်သမား တွေရဲ့ အခွင့် အရေး အတွက် မားမား မတ်မတ် ရပ်တည်ပြီး ဆောင်ရွက်ပေးမယ့် သူ မရှိတာကို မကျေမနပ် ဖြစ်မိတယ်လို့ လည်း အလုပ်သမား ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတာကို စက်ရုံတွေက လက်မခံတဲ့ အပြင် တာဝန် ရှိသူတွေ ကလည်း အသေအချာ ဖြေရှင်းပေး မပေးဘူးလို့ သူက ပြောပါတယ်။

အလုပ်သမားတွေ ဘက်ကတော့ တာဝန်ယူ ဖြေရှင်း မပေးဘူး ဆိုရင် ဆက်လက်ပြီး ဆန္ဒပြ ကြမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှု ဖြစ်ခဲ့တဲ့ ဟိုင်မို ဆံပင်တု စက်ရုံကလည်း သုံးပွင့်ဆိုင် ဖြေရှင်းပြီးကာမှ တကယ်တန်း သဘောတူခဲ့တာ တွေကို အလုပ်ရှင်ဘက်က လုပ်ဆောင် မပေးခဲ့တဲ့ အတွက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက အလုပ်သမားတွေ အလုပ် မဆင်း ကြဘူးလို့ သိရပါတယ်။