စိတ်ကူးယဉ်ဆို စိစစ်ရေး တင်စရာမလို

  • 16 မေ 2012

စိတ်ကူးယဉ်၀တ္ထုတွေကို ရေးသားထုတ်ဝေမယ်ဆို စာပေစိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ ပြည်တွင်းက သတင်းသမားတွေကနေ စုံစမ်း သိရပါတယ်။

Image caption နိုင်ငံရေးစာပေနဲ့ စိတ်ကူးယဉ် မဟုတ်တဲ့ စာအုပ်တွေ၊ သတင်းဂျာနယ်တွေ မပါသေးဘူး

နိုင်ငံရေး စာပေတွေ အပါအဝင် စိတ်ကူးယဉ် မဟုတ်တဲ့ စာအုပ်တွေနဲ့ သတင်းဂျာနယ် တွေကတော့ လတ်တလောမှာ စာပေ စိစစ်ကို တင်ပြီးမှ ထုတ်နိုင်မယ်လို့ ရန်ကုန် မီဒီယာ ဂရုပ်ရဲ့ ဥက္ကဌ ဉီးကိုကို စက်မှုတက္ကသိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လို့ ဇွန်လကစပြီး စာပေစိစစ်ရေး တင်စရာ မလိုတော့ဘဲ ဘယ်စာပေအမျိုးအစားမဆို ရေးသား ထုတ်ဝေ နိုင်ချေ ရှိတော့မယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

တခါ ဇွန်လလောက်ကစပြီး စာပေစိစစ်ရေး မရှိတော့ဘူးလို့ ဆိုနိုင်ပေမယ့်လို့ သမ္မတ ဉီးသိန်းစိန် လမ်းညွှန်မှုနဲ့ ဖွဲ့စည်းသွားမယ့် စာနယ်ဇင်း ကောင်စီဆိုတာမျိုး ဖွဲ့စည်းလို့ ထိန်းချုပ် သွားမလား ဆိုတာကတော့ စဉ်းစားစရ အချက် ရှိနေတယ်လို့လည်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက် ၂၀၁၁ မတ် ၃၀ က စလို့ သမ္မတ ဉီးသိန်းစိန် ဉီးဆောင်တဲ့ အစိုးရသစ် တက်လာပြီး မှာတော့ သတင်းဂျာနယ်တွေ အပါအဝင် ပြည်တွင်းမှာ စာပေစိစစ်ရေးရဲ့ မူဝါဒတွေ ဖြည်းဖြည်းချင်း ပြောင်းလဲ လာတယ်လို့တော့ ယေဘူယျ သုံးသပ် နိုင်ပါတယ်။