မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား

  • 18 မေ 2012
ဓာတ်ပုံ မူပိုင် burmese
Image caption ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်တယ်လို့ ဦးမြင့်ပြော

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က တိုင်းပြည်ရဲ့ စီးပွားရေး ကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကြိုးကိုင် ချယ်လှယ်ထားသူ ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်လို့ သူတို့ကို စနစ်တကျ လက်တွဲခေါ်ယူဖို့ လိုတယ်လို့ ပြောကြား လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး တခုမှာ ဦးမြင့်က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောတူ လက်ခံပါတယ်လို့ ဆိုတဲ့ ဦးမြင့်ရဲ့ အခုလို ပြောကြားချက်အပေါ်၊ စာရေးဆရာနဲ့ စီးပွားရေး ပညာရပ် ကျွမ်းကျင်သူ ဦးဟန်ထွန်း (အခွန်)ကတော့ အဲဒီ ခရိုနီစီးပွားရေးသမားတွေ တိုင်းပြည်ချစ်တယ်ဆိုရင် အများကြီး လုပ်မပြစရာမလိုပဲ အခွန်ပဲ မှန်ကန်အောင် ပေးပါဦးလို့ ဝေဖန် ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

ဒီခရိုနီ လူအနည်းစုရဲ့ လက်ထဲမှာပဲ တိုင်းပြည်စီးပွားရေးကို ထားမယ်ဆိုရင် ကောင်းကျိုး ထက် ဆိုးကျိုးက ပိုများပြီး တိုင်းပြည်အတွက် အန္တရာယ်ရှိကြောင်း ဦးဟန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလွန်တရာမှာ ချမ်းသာတဲ့ လူပေါင်း နှစ်ဆယ် အစိတ်ကျော်လောက် ရှိကြောင်း၊ အဲဒီသူတွေဟာ တိုင်းပြည်မှာ ထုတ်လုပ်မှု လုပ်ငန်းတွေကို လုပ်နေတာ မဟုတ်ဘဲ အခွင့်အရေးပေါ်မှာ ရောင်းစားနေကြတာ ဖြစ်တယ်လို့ ဦးဟန်ထွန်းက ထောက်ပြပါတယ်။

တောင်ကိုရီးယားမှာ ဆိုရင် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ချယ်လှယ်မှုကြောင့် တိုင်းပြည် စီးပွားရေး ပျက်ဆီးသွားခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။