ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်

_shwemann
Image caption လွှတ်တော်ဉက္ကဌ သူရဦးရွှေမန်း နဲ့ ဘီဘီစီ မေးမြန်းခန်း

ဥရောပ နိုင်ငံတွေမှာရှိတဲ့ အနောက်တိုင်း ပါလီမန်တွေကို လေ့လာရအောင် လန်ဒန်မြို့ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ မြန်မာပိုင်း ဌာန သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ရာမှာ သူရ ဦးရွှေမန်းက အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ်ပြ သွားပါတယ်။

ပါလီမန် ရဲ့ အခန်းကဏ္ဍ ဟာ အရေးကြီး ကြောင်း၊ ဒါ့ကြောင့် အနောက်တိုင်း ပါလီမန် တွေ အကြောင်း အခုလို လေ့လာခွင့် ရတဲ့ အခါမှာ ပြည်သူ့လွှတ်တော် လုပ်ငန်းမှာ ပိုမို အဆင်ပြေမယ့် သင်ခန်းစာတွေ၊ ဗဟုသုတတွေ ရခဲ့လို့ မြန်မာနိုင်ငံ အတွက် အကျိုးများစွာ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဥရောပ နိုင်ငံတွေရဲ့ ပါလီမန် စနစ် တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားကနေ လိုအပ်ချက်တွေ၊ အခက်အခဲ တွေ ရှိတယ် ဆိုတာကို သက်ဆိုင်ရာ နိုင်ငံတွေ က ထုတ်ဖေါ်ပြောခဲ့ကြတယ်လို့ သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါကြောင့်မို့ အရင်က ယူဆချက် တွေ အရ အနောက်တိုင်း ပါလီမန် တွေ အပေါ် ခန့်မှန်း ထားချက် နဲ့ ကွာခြားချက် သိပ်မရှိပဲ လုပ်နည်း ကိုင်နည်း ကွာတာသာ ရှိတယ်လို့လည်း ရှင်းပြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ၂ဝဝဂ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂ဝ၁၁ ခု နှစ် ကမှ လက်တွေ့ကျင့်သုံးတဲ့ အတွက် အချိန်ယူရဦးမှာဖြစ်ကြောင်းနဲ့ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပါလီမန် နဲ့ ပြည်သူ ရဲ့ အဆုံးအဖြတ် ကနေ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဥပဒေ တွေလည်း ရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထား ရှိပါတယ် လို့လည်း ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။

NLD နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အပိုင်းမှာလည်း လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူဝါဒ ကို အဓိက မထားပဲ နိုင်ငံ အတွက် အကျိုးများ မယ့် လုပ်ငန်းတွေ အဓိက ထားကြမယ် လို့ ယုံကြည် ကြောင်း ပြောပါတယ်။

တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်တော့မယ့် အချိန်ကို ပြောဖို့တော့ စောသေးကြောင်း ၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီ အပြည့်အဝ ရှိကြောင်းတွေ သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သူရ ဦးရွှေမန်း တွေ့ဆုံမေးမြန်းခန်း ပထမပိုင်း နားဆင်ရန်

သူရ ဦးရွှေမန်းဟာ အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နိုင်ငံရေးအရ မဟုတ်ပဲ လူမှုရေးအရ တွေ့ဆုံဖြစ်ပုံကိုလည်း ပြောပြပါတယ်။

နောက်ပြီး သူ့အနေနဲ့ နောင်တက်လာမယ့် ဒုတိယ သမ္မတ ၊ ဒါမှမဟုတ် သမ္မတ ဖြစ်လာနိုင်ချေ ရှိမရှိ ကိုလည်း မေးမြန်းရာမှာ သူက ပြည်သူလူထုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အားပေး ထောက်ခံမှုတွေ အပေါ်မှာပဲ မူတည်ကြောင်း ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သူရ ဦးရွှေမန်း တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်း နားဆင်ရန်