အမေရိကန် ဆိုင်းငံ့လိုက်တဲ့ အရေးယူမှု တွေ ထဲ တင်သွင်းခွင့် ပိတ်တာ မပါ

clinton lwin
Image caption အမေရိကန် က ရင်းနှီးမြှုပ်နှံမှု တွေ လုပ်တော့မယ်

အမေရိကန် သမ္မတ က သူ့လုပ်ပိုင်ခွင့် အရ မြန်မာအပေါ် အရေးယူထားတဲ့ ဒဏ်ခတ်မှု တွေ ရပ်ဆိုင်းပေးတဲ့ အထဲမှာ မြန်မာပြည်ထုတ် ကုန်ပစ္စည်းတွေ အမေရိကန် ကို တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ကိစ္စ မပါဝင် သေး ပါဘူး။

ကြာသပတေးနေ့ က အမေရိကန် သမ္မတ က ၁၉၉ရ ခုနှစ် က စတင်ချမှတ် ခဲ့တဲ့ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံမှု သက်မှတ်ချက် သက်တမ်း ကို နောက်ထပ် သက်တမ်း တနှစ် တိုးပေးလိုက်ပြီးတဲ့နောက် သူ့ လုပ်ပိုင်ခွင့် အရ ပဲ ဒီ အရေးယူ မှု ကို ဆိုင်းငံ့ ထားလိုက်ပါတယ်။

ဒီလို အရေးယူမှု တွေ ကို လျှော့ပေါ့ ပေးလိုက်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည် ကို လာပြီး ရင်းနှီးမြှုပ်နှံနိုင်တော့ မှာပါ။

ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း တွေ ငွေကြေးလွှဲပြောင်းမှု ကန့်သတ်ချက် တွေ ကိုလည်း အမေရိကန် သမ္မတ က ဆိုင်းငံ့ ပေးလိုက်ပါတယ်။

ဒါပေမယ့် ၂၀၀၃ ခုနှစ် ကချမှတ်ထားခဲ့တဲ့ မြန်မာ တင်ပို့ကုန် တွေ ပိတ်ပင်ထားတဲ့ အရေးယူမှု ကတော့ ဆက်လက်ရှိနေဆဲပါ။

ဒီအရေးယူမှု ဥပဒေ ကို အမေရိကန် ကွန်ကရက် လွှတ်တော် က ချမှတ်ထားတာမို့ လာမယ့် ဇူလိုင် လ အတွင်း လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ် ရှိတယ် လို့ မြန်မာ့အရေး စောင့်ကြည့်သူ လည်းဖြစ် ဘာကလေ တက္ကသိုလ် မှာ နိုင်ငံရေး သိပ္ပံ ပါရဂူ တန်း တက်နေတဲ့ သူ လည်းဖြစ်တဲ့ ကိုမင်းဇင် က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် အနေအထား မှာတော့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ငွေကြေးလွှဲပြောင်းရတာ ပိုမို လွယ်ကူသွားနိုင်တဲ့ အခြေအနေ ရှိသွား ပေမယ့် မြန်မာနိုင်ငံ ထုတ် Made in Myanmar ကုန်ပစ္စည်း တွေ အမေရိကန် ကို တင်သွင်းခွင့် မရတဲ့ အချက် က အတားအဆီး ဖြစ်နေတဲ့ အကြောင်း မြန်မာနိုင်ငံ ကုန်သည် နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း က တွဲဘက် အထွေထွေ အတွင်းရေးမှူး ဉီးမြင့်စိုး က ပြောပါတယ်။

ဒါပေမဲ့ လာမယ့် ဇူလိုင်လ အမေရိကန် လွှတ်တော် မှာတော့ ဒီတင်သွင်းခွင့် ပိတ်ပင်ထားတာ လည်း ဆိုင်းငံ့ ပေးနိုင်တယ် လို့ လည်း တွက်ဆ နေကြပါတယ်။

အမေရိကန် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ကို လက်နက် တင်ပို့ခွင့် ပိတ်ပင်တာ ကို တော့ ဆက်လက် ကိုင်စွဲသွားဉီးမှာ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တွေ နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် တွေ ကိုတော့ တဉီးချင်း ပစ်မှတ်ထား အရေးယူ သွားဉီးမယ် လို့လည်း သိရပါတယ်။