ထားဝယ်စီးပွားရေးဇုန်ကြောင့် နစ်နာမှုတွေအတွက် တင်ပြ

  • 19 မေ 2012
ဓာတ်ပုံ မူပိုင် DDP
Image caption ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန် ရာထားချက်

ထားဝယ်ရေနက် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်နေတဲ့ နဘုလယ် ဒေသမှာ စီမံကိန်း အတွက် မြေယာလျော်ကြေး ပေးနေမှုတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ ဒေသခံ ရွာသူ ရွာသားတွေက တောင်းဆိုမှု တခု ပြုလုပ်ခဲ့ပါတယ်။

ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် လှည့်လည်ဟောပြောဖို့ ထားဝယ်ခရိုင်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကနေ တဆင့် သမ္မတ ဦးသိန်းစိန်ထံ ဒေသခံ နှစ်ရာကျော်က အခုလို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။

စက်မှုဇုန်တည်ဆောက်မယ့် နယ်မြေထဲမှာ ရှိနေတဲ့ ရွာ ၁၉ ရွာက ခြံသမား လယ်သမားတွေ ပိုင်တဲ့ အပင်တွေအတွက် ပြီးစလွယ် သဘောမျိုး လျော်ကြေးငွေ အနည်းအကျဉ်းသာ ပေးတဲ့ အတွက် ဒေသခံ လယ်သမားတွေက မကျေမနပ်ဖြစ်နေကြတာ ဖြစ်တယ်လို့ ဒီကိစ္စကို ဦးဆောင်လှုပ်ရှား တောင်းဆိုနေတဲ့ ဦးကိုလေးလွင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အသေအချာ ရေတွက်ပြီး ထိုက်ထိုက်တန်တန် လျော်ကြေးပေးဖို့ကို လိုလားနေကြတာ ဖြစ်ပါတယ်။

နောက်ပြီး လယ်သမားတွေဟာ အာဏာပိုင်တွေ လျော်ကြေးပေးတဲ့ အတိုင်း ကြောက်ကြောက် နဲ့ လက်ခံခဲ့ရတာတွေ အများအပြား ရှိခဲ့တယ်လို့လည်း ဦးကိုလေးလွင်က ကပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့ မက်စ်မြန်မာ ကုမ္ပဏီတို့ ပူပေါင်းပြီး အကောင် အထည်ဖေါ် ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။